
ခွန်သိမ်း၊ ဦး၊ အဖွဲ့ဝင်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ၁၉ဝ၉-၁၉၇၉
ဖခင် – ဦးခွန်စွန်ညို
မိခင် – ဒေါ်ရွှေမြ
မွေးချင်း –
အိမ်ထောင်ဘက် –
သားသမီးများ –
ဇာတိ – ပင်းတယ
မွေးနေ့ – January 22, 1909
ကွယ်လွန် – October 3, 1979
အခြား – ဖခင်ဖြစ်သူ၏ အမည်မှာ ပင်းတယစော်ဘွားကြီး ခွန်စွန်ညို/စဝ်ခွန်စွန်ညို အမည်နှင့် တူညီနေသည်။ ပင်းတယစော်ဘွား၏သား ဟုတ်မဟုတ် မသေချာပါ။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ဦးခွန်သိမ်းနှင့် ပတ်သက်၍ အခြားအချက်အလက်များ မတွေ့ရှိသေးပါ။ ဆက်လက်ရှာဖွေဖော်ထုတ်နိုင်ရန်
နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – မေ ၇၊ ၂၀၂၅
ပြည်သူ့ဥပဒေအကျိုးဆောင် ဦးခွန်သိမ်း(တောင်ကြီး) ကို ရှမ်းပြည်နယ်၊ ပင်းဒယမြို့တွင် အဖ ဦးခွန်စွန်ညို၊ အမိ ဒေါ်ရွှေမြ တို့မှ ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ ငယ်စဉ်က တောင်ကြီးမြို့ အေဘီအမ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် မန္တလေးမြို့တွင် အထက်တန်းပညာရပ်များကို ၁၀ တန်းအောင်အထိ သင်ကြားခဲ့သည်။ ၁၉၃၂ ခုနှစ်မှစ၍ တောင်ကြီးမြို့ ဘီအမ်ပီစစ်တပ်တွင် တပ်သားအဖြစ် စစ်မှုထမ်းခဲ့သည်။ ထိုစဉ်မှစ၍ တိုင်းပြည်၏ တာဝန်များကို ထမ်းရွက်ခဲ့သည်။ ထို့နောက် ဗိုလ်ကြီးအဖြစ်ဖြင့် ၁၉၄၂ ခုနှစ်အထိ ကာလ တလျှောက်လုံးတွင် စစ်ရေးသင်တန်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ စစ်မိန့်ပေးရာတွင် အသံဩဇာကောင်းသဖြင့် ဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုသို့သင်တန်းဆရာအဖြစ် စစ်မှုထမ်းရာမှ တဆင့်တက်၍ သင်တန်းမှူး အဖြစ်ဖြင့် အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွာသွားကြသည်အထိ ဝတ္တရားဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်အထိ အင်္ဂလိပ် စစ်တပ်များ ဆုတ်ခွာသွားသည့်အခါ ဇာတိရပ်၊ ပင်းဒယမြို့တွင် ကျန်ရစ်ခဲ့သည်။ ၁၉၄၄-၄၅ ခုနှစ်တွင် အမေရိကန် လေထီးတပ်၊ ၃ဝ၃ တပ်များနှင့် ပူးပေါင်း၍ ပင်းဒယ၊ ပွေးလှ၊ ကျုံးမြို့ရှိ ဖက်ဆစ် ဂျပန်များကို တိုက်ထုတ်ခဲ့ရာတွင် ပါဝင်ခဲ့သည်။
ဗိုလ်မှူးကြီးဗထူးတပ်မှ ဗိုလ်အာဠာဝကတို့နှင့် တပြိုင်တည်း အောင်ပန်းမြို့ကို သိမ်းယူခဲ့ကြရာတွင်လည်းကောင်း၊ ကလောမြို့အရောက် အင်္ဂလိပ်တပ်များနှင့် ပူးပေါင်း၍ ဟဲဟိုး၊ စင်ဟယ် (ယခု အောင်သပြေစစ်တပ်) ဒေသ တလျှောက် ခုခံ ဆုတ်ခွာနေကြသော ဂျပန်များကို မောင်းထုတ်ခဲ့ကြရာတွင် လည်းကောင်း၊ ၁၉၄၅ ခုနှစ်တွင် တောင်ကြီးမြို့ကို အောင်မြင်စွာ ကယ်တင်ခဲ့ကြရာတွင်လည်းကောင်း ရှေ့ဆုံးမှ တာဝန် ယူဆောင်ရွက်ခဲ့လေသည်။ ၁၉၄၃ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်းကျောင်း တတိယအသုတ် ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ လွတ်လပ်ရေးမရမီ ယူ၊ အမ်၊ ပီ တပ်၊ တောင်ကြီးတပ်ရင်းတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တာဝန်ခံဗိုလ်မှူးအဆင့်ဖြင့် တပ်မှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နယ်မြေငြိမ်ဝပ်ပိပြားရေးတာဝန်ကို ထမ်းဆောင်ရန် တာဝန်ယူခဲ့ရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် သောင်းကျန်းသူများကို နှိမ်နင်းရာ၌ သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ကျောရိုး၏ ဘယ်ဘက်ဘေးကပ်လျက် ထိမှန်ထားသောဒဏ်ရာမှ ၃၀၃ ရိုင်ဖယ် ကျည်ဆံတခုမှာ ခွဲစိတ်ထုတ်ယူ မရခဲ့ပေ။ သေရာပါ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ တပ်မတော်၏ တာဝန်များကို ဆက်လက် မထမ်းဆောင်နိုင်တော့သဖြင့် တပ်မှ အနားယူလိုက်ရသည်။ ၁၉၅၁-၅၃ ခုနှစ်အထိ တရားသူကြီး အဖြစ်ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် လူမှုရေး ကိစ္စများနှင့် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်သော ကိစ္စများကို အထူး ဆောင်ရွက်ခဲ့သည်။
အထူးသဖြင့် ၁၉၆၅ ခုနှစ်တွင် တော်လှန်ရေးအစိုးရ မော်ဖီမြို့တွင် ကျင်းပခဲ့သော ဗုဒ္ဓသာသနာ သန့်ရှင်းရေး သံဃာအစည်းအဝေးကြီး ဖြစ်မြောက်ရေးအတွက် ရှမ်းပြည်လုံးဆိုင်ရာ သံဃာတော်များ၏ အစည်းအဝေးကြီးတွင် သာသနာတော် အကျိုးငှာ သာသနာ သန့်ရှင်းစေရေးနှင့် ပတ်သက်သော အချက်များကို တင်ပြ လျှောက်ထားခဲ့ခြင်း၊ ကိုယ်တိုင် ကပ္ပိယကာရက အဖြစ်ဖြင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာတော်များကို မော်ဖီမြို့သို့ ပင့်ဆောင် ဝတ်ပြုခဲ့ခြင်း၊ ၎င်းအပြင် ထိုနှစ်တွင် ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ ဝေဠုဝန်နိကာယ သံဃာအဖွဲ့ကြီး၏ နှစ်စဉ် အစည်းအဝေးပွဲကြီးကို တောင်ကြီးမြို့တွင် ကျင်းပအောင်မြင်ရေးအတွက် အကျိုးတော်ဆောင် အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်း စသည့်တာဝန်များကို ဆောင်ရွက်ခဲ့လေသည်။ ၁၉၇၈ ခုနှစ်တွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး၊ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်တွင် ပြည်သူ့ ဥပဒေအကျိုးဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။
ဦးခွန်သိမ်းသည် ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဆဲ ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊ အသက် ၇ဝ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
ရည်ညွှန်း။ ။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၀၊ စာ-၁၁၀
Discover more from Burma Data
Subscribe to get the latest posts sent to your email.
