
ဗိုလ်စောနောင်ကို ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ ကမာရွတ် ရှမ်းစုရပ် အဖ ကျောက်ကုန်သည် ဦးဘိုးညွန့်၊ အမိ ဒေါ်ရွှေမှတ်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်သစ် ဖြစ်လေသည်။ မောင်သစ်သည် ကမာရွတ် ရပ်ကွက်ရှိ ဦးစံလှ အလွတ်ပညာသင်ကျောင်းမှ အင်္ဂလိပ် မြန်မာ နှစ်ဘာသာ သတ္တမတန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ အသက် ၁၅ နှစ်သား အရွယ်မှာပင် အစ်ကိုကြီးများ ဖြစ်ကြသော သခင်အောင်တင်၊ သခင်ငွေ (ရဲဘော်သုံးကျိပ် ဗိုလ်မှူးစောအောင်) တို့နည်းတူ သခင်သစ် အမည်ခံယူ၍ တို့ဗမာအစည်းအရုံးကြီး၏ အမျိုးသားရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ သခင်ဗစိန်တို့ ဒေါင်းသတင်းစာ ထုတ်ဝေသည့်အခါ ၂၁ ဦးဂိုဏ်းသားများ လွှမ်းမိုးသောဒေသတွင် ဒုက္ခအမျိုးမျိုးခံ၍ ဒေါင်းသတင်းစာကို ဖြန့်ချိခဲ့သည်။
၁၉၃၉ ခုနှစ်တွင် တို့ဗမာအစည်းအရုံး ခေါင်းဆောင် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့က တာဝန်ပေးအပ်သဖြင့် ဂျပန်ပြည်သို့ သွားရန်အတွက် သခင်ကျော်စိန် (ရဲဘော်သုံးကျိပ် ဗိုလ်မှူးမိုးညို) နှင့် အတူ မြန်မာ နယ်စပ်ဖြတ်ကျော်၍ ယိုးဒယားသို့ သွားရောက် ခဲ့ကြသည်။ ယိုးဒယားနိုင်ငံ မဲဆောက်မြို့တွင် ဂျပန်နှင့်အဆက်အသွယ်မရပဲ ယိုးဒယားပုလိပ်အချုပ်စခန်းတွင် နှစ်ရက်ကြာ ချုပ်နှောင်ခြင်းခံရသည်။ ပြည်နှင်ဒဏ် ပေးသဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။
၁၉၄၁ ခု ဇူလိုင်လတွင် သခင်ထွန်းအုပ် ခေါင်းဆောင်သော မျိုးချစ်လူငယ် ၁၁ ဦးနှင့် အတူ ဂျပန်နိုင်ငံသို့ ကေရှီရိုမာရူးသင်္ဘောဖြင့် လျှို့ဝှက်စွာသွားရောက်ခဲ့ကြသည်။ ဟိုင်နန်ကျွန်းနှင့် ဖော်မိုးဆား (တိုင်းဝမ်ကျွန်း) တို့တွင် စစ်ပညာများ သင်ကြားပြီး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် ရဲဘော်သုံးကျိပ်နှင့် အတူ ယိုးဒယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည်။ သခင်သစ် အမည်မှ ဗိုလ်စောနောင် အမည်ခံယူခဲ့လေသည်။ ယိုးဒယားတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းပြီးသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်စောနောင်အား စစ်သားစုဆောင်းရေး တာဝန် ပေးအပ်လိုက်သဖြင့် ဗန်ကောက်မှ ဇင်းမယ်အထိ ဟောပြော စစ်သားစုဆောင်းခဲ့ရာ မြန်မာယိုးဒယားကပြားများ၊ ရှမ်းအမျိုးသားများ အပါအဝင် တပ်သား ၁၀၀၀ ကျော် စုဆောင်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂျပန်စစ်ဖက်ဆိုင်ရာမှ ချီးကျူးခြင်းခံရသည်။
ဇင်းမယ်ကြောင်းချီ တပ်ရင်း တရင်းကို ဦးစီးလျက် မြန်မာနိုင်ငံအတွင်းသို့ ချီတက်ခဲ့ရာ စစ်ချီရာခရီးတလျှောက် အင်္ဂလိပ် နယ်ချဲ့ စစ်တပ်များနှင့် ရင်ဆိုင်တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည်။ စစ်တောင်းမြစ်ကမ်းအနီး မြစ်ကျိုးတိုက်ပွဲ၊ ဝေါမြို့တိုက်ပွဲများတွင် အသေခံတပ်ဖွဲ့များ ဖွဲ့စည်း၍ လေယာဉ်တင့်ကားများဖြင့် ပါဝင်တိုက်ခိုက်သော ရန်သူ စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်အောင်မြင်ခဲ့သည်။ ပဲခူးမြို့သိမ်းတိုက်ပွဲကြီးကို နောက်ဆုံးအောင်မြင်စွာ ဆင်နွှဲပြီး ရန်ကုန်သို့ ချီတက်ခဲ့လေသည်။
ဗမာ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းသည့်အခါ ဗိုလ်မှူးကြီးနေဝင်း၏တပ်ရင်း (၁)တွင်၎င်း၊ စစ်ဝန်ကြီးရုံးတွင်၎င်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဂျပန် ဖက်ဆစ် တော်လှန်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေးဌာနချုပ် သရက်မြို့ သရက်ချောင်းရွာသို့ လိုက်ပါ၍ တိုက်ပွဲများစွာ၌ ပါဝင်တိုက်ခိုက်ခဲ့ရသည်။ ဗိုလ်မှူးစောနောင်သည် ကုန်သွယ်ရေးဝန်ကြီးဌာန လုပ်ငန်းစစ်ဆေးရေးဌာနတွင် အထူးအရာရှိ တာဝန်ကို ထမ်းဆောင်နေစဉ် အသက် ၅၆ နှစ် အရွယ် ၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ကွယ်လွန်ခဲ့လေသည်။ (ဝီကီတွင် ၃၀ ဇန်နဝါရီ ၁၉၇၆ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်ဟူ၍ ဖော်ပြထားသည်)
ရည်ညွှန်း။ မြန်မာစွယ်စုံကျမ်းနှစ်ချုပ် ၁၉၇၈။ စာပေဗိမာန်။ ပထမကြိမ်၊ ၁၉၈၆။ စာ-၁၅၁။
Discover more from Burma Data
Subscribe to get the latest posts sent to your email.
