
ဦးဘိုးစဟာ Calcutta မှာ ပညာသင်ကြား B.A ဘွဲ့ရခဲ့ပြီး ရန်ကုန်အရေးပိုင်ဖြစ်လာကာ K.S.M, A.T.M ဘွဲ့တံဆိပ်နဲ့ အင်္ဂလိပ်အစိုးရ ဂုဏ်ပြုခံရသူ တစ်ယောက်ဖြစ်တယ်။ ရန်ကုန်အရေးပိုင်ဘဝနဲ့ ဗိုလ်အောင်ကျော်ကျဆုံးခဲ့တဲ့ ဆန္ဒပြပွဲ နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူ ဖြေရှင်းခဲ့ရဖူးတယ်။ သူတို့မိသားစုဟာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းလျားလမ်း အမှတ် ၇၄-စီ၊ ဝင်းဂေဟာ မှာ နေထိုင်ခဲ့တယ်။ သူဟာ အရေးပိုင်ပင်စင်ယူပြီးတဲ့နောက် ပြည်သူ့ဘဏ် မန်နေဂျင်းဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ခဲ့သေးတယ်လို့ သိရပါတယ်။ ရန်ကုန်အရေးပိုင် ဦးဘိုးစနဲ့ ဒေါ်ခင်လေးတို့ကနေ ဦးဉာဏ်ဝင်း(ကွယ်)၊ ဗိုလ်မှူးသာဝင်း(ကွယ်)၊ ဒေါ်ခင်ခင်ဝင်း(ကွယ်)၊ ဒေါ်တင်မာဝင်း၊ ဒေါ်ခင်စုဝင်း၊ စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါက်တာ ဒေါ်ခင်အေးဝင်းနဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်(ငြိမ်း) သံအမတ်ကြီး(ငြိမ်း) ပန်းလှိုင်ဆေးရုံ CEO ဒေါက်တာကျော်ဝင်းတို့ကို မွေးဖွားခဲ့တယ်။ သားသမီးတွေထဲ အထွန်းပေါက်ဆုံးလို့ ပြောရမယ့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကျော်ဝင်းက ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၉ အသက် ၇၃ အရွယ်မှာ ကွယ်လွန်ခဲ့တယ်။

ဓမ္မစရိယဦးဌေးလှိုင်ရဲ့ မေတ္တာဝါဒ(ဗြဟ္မဝိဟာရအဖွင့်) စာအုပ်ထဲမှာ အဲဒီ ရန်ကုန်အရေးပိုင် ဦးဘိုးစနဲ့ ပတ်သက်ပြီး အရေးပိုင်ဦးဘိုးစနှင့်လူဆိုးများ ဆိုတဲ့ အဖြစ်အပျက် ဆောင်းပါးလေး တစ်ပုဒ် ပါရှိတဲ့အတွက် မှတ်တမ်းအဖြစ် သိမ်းဆည်းပါတယ်။
အရေးပိုင် ဦးဘိုးစနှင့်လူဆိုးများ
ရန်ကုန် အရေးပိုင်ဟောင်း ဦးဘိုးစသည် အရေးပိုင်ပင်စင် ယူပြီးနောက် ရန်ကုန်မြို့ အင်းလျားအနီး၌ နေ့စဉ် ရတနာသုံးပါးအာရုံနှင့် အေးဆေးစွာ နေသူဖြစ်၏။ မြန်မာ့ပြည်သူ့ဘဏ်၌လည်း မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူလျက်ရှိသည်။
ငွေငါးသိန်းနှင့် ပြန်ပေးဆွဲခြင်း
လွတ်လပ်ရေးရပြီးစ ၁၉၅၂-ခုနှစ် ပတ်ဝန်းကျင်ကာလ၌ လူပြန်ပေးဆွဲသော အလေ့ဆိုးများ ဒုတိယကမ္ဘာစစ်ကြီး၏ အမွေအဖြစ် ကျန်နေခဲ့သည်။ ၁၉၅၂-ခုနှစ်၊ မေလ ၂၂-ရက်နေ့ထုတ် သတင်းစာများ၌ ငွေငါးသိန်း တောင်းရန်အကြံဖြင့် လူဆိုးများက ဦးဘိုးစအား ပြန်ပေးဆွဲသွားကြောင်း သတင်းပါလာ၏၊ သို့ရာတွင် ထိုသတင်းကား မည်သည့်အခါမျှ မမေ့ပျောက်ကောင်းသော သတင်းတစ်ပုဒ် ဖြစ်သွားသည်။ ဦးဘိုးစသည် မတ်လ ၂၁-ရက်နေ့ နံနက်ပိုင်း ထုံးစံအတိုင်း လမ်းလျှောက်ပြီး ပြန်လာ၏။ “ထုံးစံအတိုင်း လမ်းလျှောက်သည်” ဆိုခြင်းမှာ အိမ်က ထွက်သည်မှ ပြန်သည်အထိ အသွားအပြန် ဘုရား, တရား, သံဃာ ရတနာသုံးပါးဂုဏ်တော်၊ ၂၄-ပစ္စည်း စသည်ကို ရွတ်ဆို၍ အထူးအားဖြင့် မေတ္တာဘာဝနာပွားရင်း လမ်းလျှောက်သည်ကို ဆိုလိုသည်။
မေတ္တာဝစီကံ = ချမ်းသာစေလိုသော နှုတ်
ဦးဘိုးစ လမ်းလျှောက်ပြန်သောအခါ အင်းလျားလမ်း မိမိတိုက်အနီး လမ်းဘေး၌ လူရွယ်သုံးဦး ဂျစ်ကားပျက်၍ ပြင်နေသည်ကို တွေ့ရ၏။ လူရွယ်နှစ်ယောက်က ကားကို နှိုက်၍ တစ်ယောက်ကမူ လူသွားလူလာ အကူအညီ မျှော်ဟန်ဖြင့် ကားဘေးတွင်ရပ်ကာ စိတ်ညစ်နေပုံရသည်။ ဦးဘိုးစသည် ဒုက္ခရောက်နေသော ထိုလူရွယ်တစ်စုကို မြင်လျှင် မေတ္တာအာရုံကို ပြောင်းရွှေ့လိုက်သည်။ စောစောက “အရှေ့လောကဓာတ်ရှိ သတ္တဝါအားလုံး ချမ်းသာကြပါစေ” အစရှိသဖြင့် အရပ်ဆယ်မျက်နှာ စကြဝဠာအနန္တရှိ သတ္တဝါ အနန္တအပေါ် တစ်လှည့်စီ ကြိမ်ဖန်ထပ်ထပ် မေတ္တာဓာတ် ပို့လွှတ်ပွားများရင်း လမ်းလျှောက်ပြန်လာရာ ထိုလူရွယ်တစ်စုကို မြင်သောအခါ မိမိ၏ မေတ္တာဓာတ်များကို ထိုလူရွယ်တစ်စုအပေါ်၌သာ စူးစိုက်ပို့လွှတ်၍ ပွားများလေတော့သည်။ “အင်း…ကားပျက်လို့ ဒုက္ခရောက်နေကြပါပကောလား၊ လူငယ်များ- ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ ထိုလူရွယ်များကို စတင်တွေ့မြင်ရသည်နှင့် တစ်ပြိုင်နက် စိတ်ထဲက အလိုအလျောက် မေတ္တာဓာတ်များ ပို့လွှတ်ပွားများပြီးဖြစ်နေ၏။ အမြဲလေ့ကျင့် ပွားထုံထား၍ အထူးကြိုးစားနေရသည် မဟုတ်ချေ။ ဦးဘိုးစသည် မေတ္တာပွားရင်း ကားပျက်နေသော ထိုလူရွယ်တစ်စု အနီးသို့ သွားလျက် “ဪ……မောင်တို့ ကားပျက်နေလို့လား၊ ဦး ဘယ်လိုအကူအညီ ပေးရမလဲ” ဟုပင် ချိုသာအေးမြသော အသံဖြင့် အကူအညီတောင်းခံရန် ဖိတ်မန်လိုက်၏။ ဦးဘိုးစ၏ နှလုံးသားက တိုက်တွန်း၍ ထွက်လာသော မေတ္တာဝစီကံကို ကြည့်လျှင်မြင်သာလှပါ၏။ သည်စင်စစ် မေတ္တာဟူသည် စိတ်ထဲက ချမ်းသာပါစေ” ဟု သာမန်နှလုံးသွင်း ပွားများရုံမျှနှင့် မလုံလောက်ချေ (စိတ်ထဲက ပွားများရမည့် မေတ္တာဘာဝနာ) မနောကံအလုပ်ကို “အဝေရာဟောတု စသည်ဆိုခြင်းကား ပြောဖွယ်မရှိချေ။ အရေးကြုံလျှင် တကယ့်ကို ချမ်းသာကောင်းစားစေလိုသော စိတ်ထားအပြည့်ဖြင့် နှုတ်ရောကိုယ်ပါ အလွယ်တကူ ကူညီဆောင်ရွက်မှသာလျှင် ပြည့်စုံသော မေတ္တာ ဖြစ်နိုင်သည်။ ကားအနီးရပ်နေသော လူရွယ်သည် မမျှော်လင့်ဘဲ ချိုသာရွှင်ပျစွာ မေးလာသော ဦးဘိုးစ၏ စကားကြောင့် ရုတ်တရက် အဖြေမပေးနိုင်ဘဲ ရှိရာ အခြားတစ်ယောက်က “ဟုတ်ကဲ့၊ ကျွန်တော်တို့ လိုချင်တဲ့ အကူအညီကတော့ ယခု ကားပေါ်တဆိတ်တက်ပြီး ဦးလိုက်ခဲ့ဖို့ပါပဲ” ဟုဆိုကာ ခြောက်လုံးပြူးနှင့်တေ့ပြီး ကားပေါ် အတင်းတက်ခိုင်းတော့သည်။ ဦးဘိုးစအား ကားပေါ်၌ ညှပ်ထိုင်ကာ ကမာရွတ်ဘက်သို့ ဦးလှည့်ပြီး အထွက် အမေရိကန်သံရုံးမှ အရာရှိတစ်ဦး မောင်းလာသောကားနှင့် ဆုံမိရာ ရုပ်ပျက်ဆင်းပျက် ယောက်ယက်ခတ်နေသည်ကို အကဲခတ်မိသော သံရုံးအရာရှိက လူဆိုးများ ဂျစ်ကားနောက်သို့ အမီလိုက်ပါသွား၏။ ကမာရွတ်ဂါတ်ကိုလည်း ဝင်၍ တိုင်တန်းခဲ့သေးသည်။
ပြေးရင်းလွှားရင်း ယားယံနေကြ
ဂျစ်ကားမှာ ကမာရွတ်မှ တံတားကလေးဘက်သို့ မောင်းနှင်သွားရာ သံအရာရှိ ကားလည်း နောက်က လိုက်ပါသွား၏။ သင်္ကန်းကျွန်းနှင့် ရန်ကုန်ရဲများကလည်း ပူးပေါင်း၍ လိုက်ပါဖမ်းဆီးကြသည်။ လူဆိုးများမှာ မမျှော်လင့်ဘဲ ဝိုင်းဝန်းလိုက်လံဖမ်းဆီးကြသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရကြောင်းသိသည်နှင့် ဂျစ်ကားကို လမ်းမကြီးပေါ် တည့်မတ်အောင်ပင် မမောင်းတော့ဘဲ ဒယီးဒယိုင် ကသုတ်ကရက် ဖြစ်နေကြ၏။ ဦးဘိုးစမှာ မေတ္တာပို၍ ပွားပို့ ရင်းသာ လိုက်ပါလာရ၏။ ပို၍ အံ့ဖွယ်ကောင်းသည်မှာ လူဆိုးများ “အကြောင်းဘယ်သို့ဟု မသိရဘဲ” ရုတ်တရက် တစ်ကိုယ်လုံး ယားယံလာကြသဖြင့် ပို၍ အမူအရာပျက်နေကြသည်။ တံတားကလေး ရွာဘက်သို့ ရောက်သောအခါ ရဲကား၊ သံအရာရှိကားနှင့် ဂျစ်ကားမှာ မှီလုမှီခင်ဖြစ်ကာ ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။ တံတားကလေးရွာ မီးကင်းသမားများကလည်း သံချောင်း တဒေါင်ဒေါင်ခေါက်ကာ ဂျစ်ကား နောက်သို့ ဝိုင်းအုံ လိုက်ပါသွားကြသည်။
လူဆိုးကို ဖမ်းဆီးပေးသော မြွေကြီး
ဂျစ်ကားမှာ တံတားကလေး လမ်းမပေါ်မှ ဆင်းကာ ငမိုးရိပ်ချောင်း (ယခုမြောက်ဥက္ကလာပ)ဘက် ဦးတည်၍ လယ်ကွင်းထဲသို့ ဖြတ်မောင်းသွားရာ လိုက်လံ ဖမ်းဆီးသော ကားများမှာ လမ်းကြမ်းလှ၍ ဂျစ်ကားကို မမီနိုင်ဘဲရှိ၏။ လူဆိုးသုံးဦးမှာ ငမိုးရိပ်ချောင်းရောက်လျှင် ကားဆက်သွား၍ မရတော့သဖြင့် ကားပေါ်မှဦးဘိုးစကို ဆွဲချကြသည်။ ချောင်းကို ဖြတ်ကူး ခေါ်ဆောင်ရန် ခရာတောကို ဖြတ်၍ ရွှံ့နွံပြင်သို့အဆင်း ရေထဲ၌ မြွေဟောက်ကြီးတစ်ကောင်က ရှေ့မှ ဆီးကြိုနေသည်ကို တွေ့ရပြန်သဖြင့် ချောင်းရေကို ရုတ်တရက် ဖြတ်မကူးရဲဘဲ အံ့အားသင့်ကာ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေကြစဉ် အရပ်သားများ မီလာ၍ လူဆိုးများ အားလုံး ရိုက်နှက်ဖမ်းဆီးခြင်း ခံရလေတော့၏။ သံရုံးအရာရှိက ၄င်း၏ကားဖြင့် ဦးဘိုးစအား တင်ခေါ်လာခဲ့လေသည်။ နောက်တစ်ရက် (မေလ ၂၂-ရက်)သတင်းစာများတွင် ထိုသတင်း ပါလာရာ “တိုးတက်ရေး သတင်းစာ” တွင် ဦးဘိုးစသတင်း နောက်ကွယ်၌ လူကိုယ်တိုင် တွေ့ဆုံမေးမြန်း ရရှိချက်အရ သတင်းထောက်က အောက်ပါအတိုင်း ထိုသတင်းနိဂုံးချုပ် ဖော်ပြသည်ကို ထူးထူးခြားခြား ဖတ်ရှုကြရသည်။ “ဦးဘိုးစတို့မှာ ဗုဒ္ဓဘာသာ တရားတော်ကို အထူးလေးစားသော ပုဂ္ဂိုလ်များဖြစ်၍ လူဆိုးများ ခေါ်သွားစဉ်က· တရားတော်များကို နှလုံးသွင်းကာ မေတ္တာပွားပို့ခဲ့သော တန်ခိုးကြောင့် ဤကဲ့သို့ လွတ်မြောက်လာရခြင်း ဖြစ်သည်ဟု ဆိုလေသည်”
မှတ်ချက်။ ။ ဦးဘိုးစ၏ ဖြစ်ရပ်ကို သင့်ဘဝဦးလေးကြီး ဦးတင်မောင်က သင့်ဘဝမဂ္ဂဇင်း (စက်တင်ဘာ၊ ၁၉၅၄)၌ မှတ်တမ်းတင် ဖော်ပြသည်ကို အခြေခံ၍ ဦးဘိုးစနှင့် လမ်းအတူလျှောက်လေ့ရှိသူ ဘဏ္ဍာရေးဝန်ကြီးဟောင်း မြန်အောင်ဦးတင်၏ ဖြည့်စွက် ပြောပြချက်အရ တင်ပြပါသည်။ တိုင်းပြည်နှင့် လူမျိုး တိုးတက်ကြီးပွား၍ လိမ္မာရေးခြား ရှိစေရန် ထိုသတင်းဆောင်းပါးမျိုးကို ဖော်ပြလေ့ရှိသော “သင့်ဘဝ” အား ကျေးဇူးတင်ရပါသည်။
ရည်ညွှန်း။ ။ မေတ္တာဝါဒ(ဗြဟ္မဝိဟာရအဖွင့်)၊ ဓမ္မစရိယဦးဌေးလှိုင်၊ ဗုဒ္ဓအသံစာပေ၊ တတိယအကြိမ်၊ ၁၉၈၇ ဖေဖော်ဝါရီ၊ စာ-၁၇၀
Discover more from Burma Data
Subscribe to get the latest posts sent to your email.
