မနန်းစိုး

A side-by-side image showing a young girl in a polka dot dress on the left and an adult woman holding a teddy bear on the right. Ma Nang Soe, one of the very first conjoined twins from Myanmar.
ဓာတ်ပုံ-မနန်းစိုးဖေ့စ်ဘွခ်မှ

ဒီနေ့ လေးစားရတဲ့ အန်တီတစ်ယောက်နဲ့ စကားပြောရင်း သူတို့တူမဖြစ်သူ မနန်းစိုးအကြောင်း သတိရသွားတယ်။ မနန်းစိုးလို့ ခေါ်တာက မနန်းစိုး မွေးနေ့က ၁၉၇၁ ဖေဖော်ဝါရီ ၂၀ ကျွန်တော့်ထက် ၉ နှစ်ပဲ ကြီးလို့ပါ။ အဲဒီခေတ်မှာ တတိုင်းပြည်လုံးက အထူးတလည် စိတ်ဝင်စားကြ ချစ်ကြတဲ့ ရင်ချင်းဆက် အမွှာညီအစ်မ ခွဲစိတ်မှုအကြောင်းကို ဆရာကြီး ဒေါက်တာ ညွန့်သိန်း ရေးပြလို့လည်း သာမန်အသိထက် ပိုပြီး တိတိကျကျသိလာရပါတယ်။ မနန်းစိုးတို့ကို ခွဲစိတ်တဲ့အချိန်ဟာ CT/ MRI/ MRA နည်းပညာတွေ မရှိသေးတဲ့အချိန် ဖြစ်တဲ့အပြင် ကိုယ်တွင်းမှာလည်း ခန္ဓာအစိတ်အပိုင်းတွေက ဆက်နေတာမို့ အဲဒီအချိန် နိုင်ငံတော်မှာ ရှိသလောက် Imaging စနစ်တွေနဲ့ အသုံးပြုပြီး ခက်ခက်ခဲခဲ လေ့လာ ရှာဖွေခဲ့ကြရတယ်တဲ့။ ခွဲစိတ်ချိန်မှာလည်း မီးအခက်အခဲမဖြစ်ရလေအောင် မီးအားမနည်းရလေအောင် ဆေးရုံတစ်ခုလုံး မီးတွေ ပိတ်ထားခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဆရာကြီး ရေးထားတဲ့အထဲမှာ ပညာလည်းပါ စိတ်ဝင်စားစရာလည်း ကောင်းတာက “ရင်ချင်းဆက် အမွှာကို ခွဲတာ (separate) အလည်တဲ့တဲ့က အညီအမျှ နှစ်ခြမ်း ဖြတ်ရတာမျိုး မဟုတ် ပါဘူး၊ အဲဒီလို equally divided လုပ်ရင် တချို့ organ like liver ဟာ တဖက်မှာ နဲနဲဆီဘဲ ပါသွားပြီး ကိုယ် ခန္ဓာ ဆက်လက်ရှင်သန်ဖို့လိုအပ်တဲ့ ဇီဝဖြစ်စဉ်တွေ မလုပ်နိုင် တော့ ရင် (၂) ယောက် လုံးအသက်မရှင်နိုင် တာရယ် ခွဲပြီးပြန်ပိတ် ရင် လိုအပ်တဲ့ အရေပြား အနေနဲ့လည်း အညီအမျှ ခွဲဖို့ မဖြစ်နိုင်တာမို့တဖက်( မနန်းစိုး) ဖက်ကို သေချာလောက် အောင် ပိုပေးဖို့သိပ္ပံနည်းကျကျ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့ကြရတယ်လို့ တဆင့်စကား ကြားခဲ့ဘူးပါတယ်”။ ဆိုတော့ မခွဲစိတ်ခင်ကတည်းက မနန်းစိုးဟာ အသက်ရှင်ဖို့ သေချာသလောက်ရှိတယ် မနန်းစံကတော့ အသက်ရှင်ဖို့ အခွင့်အရေး အလွန်နည်းတယ်လို့ ဆရာဝန်ကြီးတွေက သိနေကြပါပြီ။

အဓိက ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကြီးတွေက ဒေါက်တာဦးဖေညွန့်နဲ့ လက်ထောက်ဆရာဝန် ဒေါက်တာဦးထွဋ်ဆိုင် ဖြစ်ပါတယ်။ ကလေးနှစ်ယောက်စလုံးရဲ့ ဆက်စပ်နေတာတွေကို ဖယ်ထုတ်ပြီး တစ်ဦးချင်းစီကို ပြန်ခွဲစိတ်ချုပ်ကြတော့ ဆရာကြီး ဒေါက်တာဖေညွန့်က အသက်ရှင်ဖို့ အခွင့်အလမ်း အလွန်နည်းတဲ့ မနန်းစံလေးကို တာဝန်ယူခဲ့ပြီး သူ့တပည့် ဒေါက်တာထွဋ်ဆိုင်ကို တာဝန်ယူစေခဲ့ပါတယ်။ အဲဒီအတွက် ခွဲစိတ်ပြီး ငါးပါတ်အကြာ မနန်းစံ ကွယ်လွန်ခဲ့တော့ “ဒီလိုဖြစ်ကြောင်းကုန်စင်ကို မသိနားမလည်ကြသူတွေက ဦးဖေညွန့်ခွဲတဲ့ ကလေးက မရှင်ဘဲ ဦးထွဋ်ဆိုင် ခွဲတဲ့ကလေးကရှင်တယ်ဆိုပြီး ပရမ်းပတာတွေ ပြောဆိုကြတော့ ပြန်ရှင်းတာကဆရာဦးထွဋ်ဆိုင်ရယ်ပါ။ ဆရာကြီးကပိုရလဒ် ကောင်းပြီးရှင်နိုင်တဲ့ မနန်းစိုးလေးကို တာဝန်ယူရင် နာမည်ပိုကြီးနိုင်ရက်နဲ့ မျှော်လင့်ချက်နဲတဲ့ မနန်းစံလေးကို တမင် တာဝန်ယူခဲ့တာပါ။ သူသာ မနန်းစံကိုခွဲရရင် အခုလို တလကျော် တောင် နေရပါ့မလားမသိဘူး လို့ အကုန်လုံးကို ရှင်းပြပြောပြလို့ အားလုံးက နှလုံးလှတဲ့ ဆရာတပည့် (၂) ယောက် အတွက် ကြည်နူးဝမ်းသာ ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြရပါတယ်” ဆိုပြီး ဆရာကြီး ဒေါက်တာညွန့်သိန်း ရေးပြထားရကနေ နှလုံးလှတဲ့ ဆရာတပည့်နှစ်ဦးအကြောင်း သိရတဲ့အပြင် လူသိပ်မသိကြတဲ့ နောက်ကွယ်က Scenario တွေကိုလည်း သိခဲ့ရပါတယ်။

မနန်းစိုး ဖခင်မိခင် အရင်းတွေက မနန်းစိုး တင်ထားတဲ့ အချက်အလက်တစ်ခုအရ ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ်က ဦးစိန်မြကြီးနဲ့ ဒေါ်ဒေါ်ပုံ လို့ သိရတယ်။ တချို့တွေက ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဝါးဘိုးကျေးရွာက ဦးကြာဝင်းနှင့် ဒေါ်နှင်းအေး ဆိုပြီးလည်း ဖော်ပြတယ်။ ​ ဧရာဝတီမြန်မာပိုင်းကတော့ ပုသိမ်ခရိုင်၊ ဘဲဂရက်ဘူတာ အရှေ့ဘက်ရှိ ဘီလူးကျွန်း ရွာနေ လယ်သမားကြီး ကိုစိန်မြကြီးနှင့် မဒေါပုံ ဆိုပြီး ရေးပါတယ်။ မနန်းစိုး မနန်းစံအကြောင်း နှစ်မွှာအသည်းဆိုပြီး စာအုပ်ရေးသား ပြုစုခဲ့သူ ဦးသာဉာဏ်ကတော့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အရှေ့ဘီလူးကျွန်းကျေးရွာက ကရင်အမျိုးသား တောင်သူ ကိုစိန်မြကြီးနဲ့ မဒေါပုံတို့ကနေ မွေးဖွားတာလို့ ဖော်ပြပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ မနန်းစိုးကို တရားဝင် မွေးစားပြီး သမီးတစ်ယောက်လို ပြုစုပျိုးထောင်ခဲ့ကြသူတွေက လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်သောင်းဒန်နဲ့ ဒေါ်မြမျိုးညွန့်တို့ ဖြစ်ကြပါတယ်။ ဒေါ်မြမျိုးညွန့်က နတ်မောက် ဗိုလ်မင်းရောင်၊ ညီ ဦးမင်းရောင်တို့ရဲ့ မျိုးဆက် ဒေါ်ခင်မြကြီးနဲ့ သတိုးသီရိသုဓမ္မ ပျော်ဘွယ်ဦးမြနဲ့ ​ တို့ရဲ့သမီးကြီး ဖြစ်ပါတယ်။ အစ်မ မနန်းစိုးဟာ အခု ၂၀၂၅ ဆိုရင် အသက် ၅၄ နှစ် ရှိနေပြီဖြစ်ပြီး WFP Myanmar မှာ ၁၀ နှစ်ကျော် အလုပ်လုပ်ခဲ့သလို အခြား လူသားအကျိုးပြု ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ များစွာမှာ ပါဝင်လှုပ်ရှား နေဆဲဆိုတာ တွေ့ရပါတယ်။ ဒါ့အပြင် အခြားမောင်နှမတွေနဲ့လည်း ရင်းနှီးချစ်ခင်စွာ တွေ့နေရဆဲ ဖြစ်တာမို့ ဝမ်းသာမိပါတယ်။ မိသားစုတွေ တော်တော်များများမှာ မောင်နှစ်မတွေ အားလုံး ညီညွတ် စည်းလုံးကြတာ ရှားတာမို့ အခုလို မိသားစုဝင်တွေ စည်းစည်းလုံးလုံး ချစ်ချင်ခင်ခင်နဲ့ တွေ့ရရင် ဝမ်းသာရတာပါပဲ။ ၂၀၂၃ ထဲမှာတော့ အစ်မဟာ ဆေးရုံတစ်ခုမှာ မျက်စိပြရင်း ဆေးကုနေရာက ဆေးပုလင်းမှာ ဗိုင်းရပ်စ်တွေ ပေါက်ဖွားနေတာ မသိဘဲ ဆေးရုံက မျက်စိကို ဆေးထိုးပေးခဲ့တာကြောင့် မျက်ကြည်လွှာတစ်ခုလုံး ပျက်စီးခဲ့ရတယ်လို့လည်း သိရတယ်။ အစ်မ မနန်းစိုးဟာ နေပြည်တော်မှာ Baby Pets ဆိုတဲ့ တိရိစ္ဆာန်ဆေးကုခန်းလေး ဖွင့်လှစ်ပြီး ခင်ပွန်းသည်နဲ့အတူ အဲဒီမှာပဲ နေထိုင်ပါတော့တယ်။ ပြည်သူ့အချစ်တော် ဖြစ်ခဲ့ဖူးသူ အစ်မဟာ အခုထိလည်း ပြည်သူတွေနဲ့ တစ်သားထဲ ရှိတယ်လို့ ခံစားရပါတယ်။

မနန်းစိုး မနန်းစံကနေ စလိုက်တဲ့ အောင်မြင်တဲ့ ရင်ခြင်းဆက်အမွှာ ခွဲစိတ်ကုသမှုဟာ သိရသလောက် ၁၁ ကြိမ် ရှိခဲ့ပါပြီ။

✅ ၁။ ၁၉၇၁ (ရန်ကုန်ကလေးဆေးရုံကြီး) မနန်းစိုး-မနန်းစံ ဦးစိန်မြကြီးနဲ့ ဒေါ်ဒေါပုံ ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ် အရှေ့ဘီလူးကျွန်းကျေးရွာ
✅ ၂။ ၁၉၉၃ (ရန်ကုန်ကလေးဆေးရုံကြီး) အေးအေးငြိမ်း-အိအိငြိမ်း ဦးခင်မောင်ဝင်းနှင့် ဒေါ်နန်းဌေးဌေးငြိမ်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကေလာသတောင်ခြေ၊ ကြိမ်ဖန်ကျေးရွာ
✅ ၃။ ၂၀၀၂ (မန္တလေးကလေးဆေးရုံကြီး) မိုးပပအောင်-မိုးမမအောင်
✅ ၄။ ၂၀၀၉ (ရန်ကုန်ကလေးဆေးရုံကြီး) စိုပြေလင်း-စိုပြေဝင်း
✅ ၅။ ၂၀၁၁ (ရန်ကုန်ကလေးဆေးရုံကြီး) အင်ကြင်းခိုင်-အင်ကြင်းလှိုင်
✅ ၆။ ၂၀၁၁ (ရန်ကုန်ကလေးဆေးရုံကြီး) ရန်ကင်း-ရန်ရှင်း ဦးအောင်ဌေးနှင့် ဒေါ်ဌေးဌေးမော်၊ ရေတာရှည်မြို့နယ် ဆွာမြို့ ငါးကြီးကွေ့ရွာ
✅ ၇။ ၂၀၁၁ (ရန်ကုန်ကလေးဆေးရုံကြီး) ဘေဘီချိုချိုဝင်း
✅ ၈။ ၂၀၁၂ (မန္တလေးကလေးဆေးရုံကြီး) အောင်ခန့်ကျော်-အောင်မြတ်ကျော်
✅ ၉။ ၂၀၁၅ (ရန်ကုန်ကလေးဆေးရုံကြီး) ဘေဘီမိုးသူဇာ
✅ ၁၀။ ၂၀၁၇ (မန္တလေးကလေးဆေးရုံကြီး) ဝေယံဟိန်း-ဝေယံငြိမ်း
✅ ၁၁။ ၂၀၁၇ (ရန်ကုန်ကလေးဆေးရုံကြီး) စိုင်းခမ်း-စိုင်းငင်း ဦးစိုင်းအောင်နဲ့ ဒေါ်နမ်းခမ်းနမ်း ကျိုင်းတုံမြို့နယ် ဝမ်ဟုတ်ကျွေးရွာ
ကိုးကား။ ကြေးမုံ ၁၇ ဇူလိုင် ၂၀၁၇၊ စာ ၁, ၈
သေချာတဲ့ မိဘနာမည်နဲ့ မွေးဇာတိတွေကိုသာ ထည့်သွင်းထားပါတယ်။ FB မှာ အချို့ တင်နေတဲ့ ရင်ချင်းဆက်အမွှာတွေရဲ့ အချက်အလက်တွေဆိုပြီး ပြောထားတဲ့ပိုစ့်က အချက်အလက်တွေဟာ မှန်ကန်မှုမရှိပါ။

မွေးပြီးပေမယ့် ကွယ်လွန်ခဲ့ကြသူတွေနဲ့ ခွဲစိတ်ကုသမှု မခံယူရသေးဘူးလို့ ယူဆရသူ ရင်ချင်းဆက်အမွှာလေးတွေက

✅ ၂၀၁၉ ဖေဖော်ဝါရီမှာ စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ဆေးရုံကနေ မိခင် ဒေါ်သီတာဝင်းရဲ့ ရင်ချင်းဆက် အမွှာသမီးလေးနှစ်ယောက်ကို မွေးဖွားပေးခဲ့တယ်လို့ သိရတယ်။
✅ ၂၀၂၁ အောက်တိုဘာ ၃၁ က ပြည်မြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ မွေးဖွားခဲ့တဲ့ ရင်ချင်းဆက် အမွှာယောက်ျားလေး နှစ်ယောက်ကတော့ နိုဝင်ဘာ ၉ ရက်နေ့မှာ သေဆုံးသွားတယ်လို့ သိရတယ်။
✅ ၂၀၂၃ နိုဝင်ဘာ ၁၁ မှာ ဧရာဝတီတိုင်း မအူပင်ခရိုင် အထွေထွေဆေးရုံကြီးက ကျိုက်လတ်မြို့နယ်၊ အရှေ့ဆင်ကူးကျေးရွာနေ အဖ ဦးကျော်စွာအောင်နှင့် အမိ ဒေါ်သန်းသန်းဆွေတို့ရဲ့ ရင်ခြင်းဆက်အမွှာ သမီးလေးနှစ်ဦးကို မွေးဖွားပေးနိုင်ခဲ့တယ်။
✅ ၂၀၂၄ ဧပြီလထဲမှာတုန်းက ညောင်ရွှေမြို့နယ်ထဲက ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ မိခင်ဖြစ်သူ စလောင်းထောင်ကျေးရွာနေ ဒေါ်နန်းခမ်းလှရဲ့ ရင်ခြင်းဆက်အမွှာလေးတွေ မွေးဖွားပေးခဲ့ပေမယ့် သိပ်မကြာခင် သေဆုံးသွားခဲ့တယ်လို့ သိရတယ်။
✅ ၂၀၂၄ ဧပြီလထဲမှာပဲ မန္တလေးကလေးဆေးရုံကြီးမှာ မုံရွာဘက်က ရင်ခြင်းဆက်အမွှာသမီးလေး နှစ်ယောက် မွေးဖွားခဲ့ကြောင်းလည်း ကြားရပါတယ်။
✅ ၂၀၂၅ ဇူလိုင်လထဲမှာ မွန်ပြည်နယ် ဘီးလင်းဆေးရုံက ရင်ချင်းဆက်အမွှာသမီးလေးနှစ်ယောက် ထပ်မံမွေးဖွားပေးထားကြောင်း သိရပါသေးတယ်။

၁၉၈၄ မှာ လင်းထွဋ်-ဝင်းထွဋ်ဆိုတဲ့ ရင်ခြင်းဆက် အမွှာလေးနှစ်ဦး မွေးခဲ့ဖူးတယ်။ သူတို့ဇာတ်လမ်းက ထူးခြားဆန်းပြားတာမို့ နောက်မှ သီးခြားဖော်ပြပါဦးမယ်။

ရည်ညွှန်း/ကိုးကား
ဆရာကြီးဦးညွန့်သိန်း၏စာ – LINK
နှစ်မွှာအသည်း(သို့)မနန်းစိုးမနန်းစံ-ဦးဉာဏ်မြင့် – LINK
အိပ်မက်ဆန်းများဖြင့် မွေးဖွားလာခဲ့သည့် ရင်ချင်ဆက်အမွှာ မနန်းစိုးနှင့် မနန်းစံ – LINK


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply