နဝရတ်ရောင်စုံကျမ်းပါ တွင်းရိုးတွင်းစားများ၏ စည်းကမ်းအစဉ်အလာတို့ကို မင်းမိန့်ဖြင့် မပယ်ဖျက်နိုင်သည်မှာ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိပင် ဖြစ်တော့သည်။ ကုန်းဘောင်ဆက် ဒုတိယနောက်ဆုံးမင်းဖြစ်သော မင်းတုန်းမင်းတရားကြီးသည် ဝိဝဋ္ဌာယီ စတည်ကပ်ဦး ပကတူးမှ အသမ္ဘိန္ဒခတ္တိယဇာတ် နေမျိုးနတ်မျိုးနွယ်မှ ဆင်းသက်လာသော မဟာသမ္မတ မင်းမျိုးမင်းနွယ် အစစ်ဖြစ်၍ ရေမြေကို အစိုးရသော မင်းဖြစ်ပါလျက် တွင်းရိုးတွင်းစားတို့၏ စည်းကမ်း အစဉ်အလာတို့ကို မင်းမိန့်ဖြင့်ပင် မပယ်ဖျက်နိုင်သည်ကို မကျေနပ်ဟုဆိုပေသည်။ ဝင်ရောက်စွက်ဖက်လို၍ ကိုယ်တော်တိုင် တွင်းစားရိုးမျိုးနှင့် ပတ်သက်လာအောင် ကြံဆောင်လေသည်။
တွင်းစားရိုးဖြစ်သည့် ဦးစိုသည် ရေနံချောင်း ဘေးမဲ့အရပ်များတွင် ရေနံမြေအများအပြား ပိုင်ဆိုင်သည်။ စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက် သားတော် ညောင်ရမ်းမင်းသားထံတွင် လက်စွဲထမ်းလာခဲ့သည်။ နောင်တော် ပုဂံမင်းလက်ထက်တွင် ရမည်းသင်းဗိုလ်အဖြစ် ခန့်ထားခြင်းခံရသည်။ မင်းတုန်း၊ ကနောင် ညီနောင်နှစ်ပါး ရွှေဘိုထွက်သည့် အရေးတော်တွင် တပ်တော်နှင့်အတူပါလာပြီး ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းခဲ့၍ အထွတ်အမြတ်ရောက်သောအခါတွင် မြို့ဝန်၊ လမိုင်းဝန်၊ မြစ်စဉ်ဝန်၊ ပုဂံဝန်၊ အတွင်းဝန်၊ မိုးနဲဗိုလ်မှူး၊ မြင်းစုကြီးဝန် ဟူ၍ အဆင့်ဆင့် သူကောင်းပြုခဲ့သည်။ သက္ကရာဇ် ၁၂၂၈ ခုတွင် သတိုးမင်းကြီး မဟာမင်းလှကျော်ခေါင်ဘွဲ့ နှင့် ရေနံချောင်းမြို့စားဝန်ကြီးဖြစ်လာသည်။ မြို့ဝန်၊ အောင်ပင်လယ်လမိုင်းဝန်ဘဝက ဦးစို၏သမီး ခင်ကေဆိုသူကို အိမ်ရှေ့စံကနောင်မင်းက ကိုယ်လုပ်တော်အဖြစ် ကောက်ယူခဲ့သည်။ (သားတော် တက်နွှဲတိုက်စား မင်းသားထိပ်တင်မှတ်ကို ဖွားမြင်ခဲ့ရာ ဗြိတိသျှအစိုးရကို တော်လှန်ခဲ့သည့်မင်းသားဖြစ်သည်။) ၎င်းရေနံချောင်းမြို့စားဝန်ကြီးဦးစိုတွင် အိမ်ထောင်ဆက်များသည်။ အိမ်ထောင်တစ်ဆက်ဖြစ်သော ဒေါ်ချိုဆိုသူမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့သည်။ ဒေါ်ချိုမှ မမခင်နှင့် မောင်မောင်ကလေးတို့ကိုမွေးသည်။ ဒေါ်သီလမှ ခင်ခင်ကလေး၊ မောင်မောင်ကင်းနှင့် မောင်မောင်ဝင်းတို့ကို မွေးသည်။ ဦးစို၏သမီး မမခင်သည် ပန်းခုံတော် စာရင်းတွင် တွင်းစားရိုးအဖြစ် စာရင်းပါ၍ သုသီရိပဘာဘွဲ့ခံ မှန်နန်းအပျိုတော်ဖြစ်သည်။ မောင်မောင်ကလေးမှာ မြေနန်းဝန်ဖြစ်လာသည်။ တွင်းစားရိုးဖြစ်သည့် မှန်နန်းအပျိုတော် မမခင်ကို ကောက်ယူပြီး မိဖုရားမြှောက်ခြင်းဖြင့် အမျိုးဆက်ကာ ကိုယ်တော်တိုင် တွင်းစားရိုးမျိုးနှင့် ပတ်သက်လာအောင် ဖန်တီးလေသည်။ သုသီရိပဘာမဟေဘွဲ့နှင့် ကြေးမြှင်တိုက်ကိုသနားတော်မူသဖြင့် မမခင်သည် ကြေးမြှင်တိုက်စားမိဖုရား ဖြစ်လာသည်။ ရွှေတိုက်စာရင်းဝင် မိဖုရားများတွင် အငယ်ဆုံးဖြစ်သည်။ မင်းတရားကြီး မိဖုရားအဖြစ် နောက်ဆုံးကောက်ယူခဲ့သူလည်း ဖြစ်သည်။
ဤသို့အမျိုးဆက်ခြင်းဖြင့် ကိုယ်တော်တိုင် တွင်းစားရိုးများနှင့် ပတ်သက်လာရုံမက သားတော်အစဉ် မြေးတော်အဆက်တို့သည် တွင်းစားရိုးများဖြစ်လာကြလိမ့်မည်ဟု မင်းတရားကြီးက အထင်တော်ရှိသည်။ ကြေးမြှင်မိဖုရားမှာတွင်းစားရိုးအနေနှင့် မိန်းမမျိုးရိုး (ထဘီစ)ဖြစ်သဖြင့် မိဖုရားကိုယ်တိုင် တွင်းစားရိုးမျိုး ဖြစ်သော်လည်း သမီးတော် မထွန်းကားဘဲ သားတော်တစ်ပါးသာ ဖွားသဖြင့် ပျဉ်းမနားမင်းသားခမျာမှာ တွင်းစားရိုး ဖြစ်မလာခဲ့ပေ။ မင်းတရားကြီး၏ ဆန္ဒတော်မှာ ကြံတိုင်းလည်း မမြောက်ပေ။ ရေနံချောင်းဝန်ကြီးကို ရေနံတွင်းများ လက်ဖွဲ့ခိုင်းသဖြင့် ဘုရင့်သားတော် ပျဉ်းမနားမင်းသားမှာ တွင်းစားသာ ဖြစ်လာတော့သည်။ မင်းတရားကြီးသည် ထိုမျှဖြင့်မကျေနပ်သေးပါ။ ကြေးမြှင်မိဖုရား၏ ရိုးရာပိုင်ဆိုင်သော ရေနံမြေကွက်များတွင် တော်တွင်း ၁၂၀ ကို ဝန်ရှင်တော် မြင်းဝန်ဗိုလ်မှူး ရေနံချောင်းမြို့စားမင်းကြီး၏သား ရေနံချောင်းမြို့ဝန်၊ ရွှေပြည်သေနတ်ဗိုလ်၊ ယောလေးမြို့ဆိုင်ရာ လှေတော်အုပ်မင်း၊ ရေနံချောင်းမြို့ သူကြီးမင်း မောင်မောင်ပုနှင့် တွင်းကြီးမင်းဦးရိုးတို့အား ကြီးကြပ် တူးဖော်စေသည်။ ထိုတော်တွင်း ၁၂၀ သည် ဘုရင်ပိုင် ဖြစ်လာသည်။
မြန်မာ့ရေနံလုပ်ငန်းသည် လက်ဦးပိုင်းတွင် စနစ်တကျ မလုပ်ကိုင်သဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ချေ။ ကုန်းဘောင်ခေတ်သို့ ရောက်မှသာ မင်းတုန်းမင်းတရားကြီး ကိုယ်တိုင်က ရေနံလုပ်ငန်းကို စိတ်ဝင်တစား အားပေးလာသဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ လက်တွင်းတစ်တွင်းမှ တစ်နေ့လျှင် ရေနံ ၁ဝ ဂါလန်မှ ၅၀ ဂါလန်အထိသာ ထွက်သည်။ ရေနံစိမ်းများကို မြေအိုးကြီးများတွင်ထည့်ပြီး မြစ်ကြောင်းမှတစ်ဆင့် ဖောင်ကြီးများ၊ လှေကြီးများဖြင့် မြန်မာပြည်အရပ်ရပ်သို့ တင်ပို့ရောင်းချခဲ့ကြသည်။ လက်ယက်တွင်းများ၌ တစ်လလျှင် ပိဿာချိန် ၁၆ သိန်းခန့် ထွက်သည်ဟု ဆိုပါသည်။
ခရစ်နှစ် ၁၈၅၆ – ၅၇ သို့ ရောက်သောအခါ မင်းတုန်းမင်းကြီးသည် ရေနံတွင်းအားလုံးကို တစ်ဦးတည်းပိုင်စနစ်အဖြစ် ပြဋ္ဌာန်းလိုက်သည်။ ရေနံကို ဘုရင့်လွှတ်တော်မှ တစ်ဆင့်သာ ရောင်းဝယ်ခွင့်ရှိသည်။ တွင်းရိုးတွင်းစားများသည် ထွက်သမျှ ရေနံစိမ်းတို့ကို ပိဿာ ၁၀၀ လျှင် ဒေါင်းဒင်္ဂါး တစ်ကျပ်ခွဲနှုန်းဖြင့် ဘုရင့်ထံသွင်းကြရသည်။ မင်းတုန်းမင်းကြီးသည် နယ်ချဲ့အရင်းရှင်များ မြန်မာ့ရေနံလုပ်ငန်းကို ဝင်ရောက်ခြယ်လှယ်မှုမှ ဟန့်တားရန် အမြင်ကျယ်စွာဖြင့် ဤစနစ်ကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ မင်းတရားကြီးသည် ရေနံစိမ်းများကို အင်္ဂလိပ်ကုန်သည်တို့အား တစ်ဆင့် ရောင်းချသည်။
အင်္ဂလိပ်တို့သည် သက္ကရာဇ် ၁၂၂၃ ခုတွင်ဓနိတောအရပ်၌ ရေနံချက်စက်ရုံတည်ဆောက်ပြီး ရေနံချက်လုပ်ကြသည်။ ယင်းစက်ရုံမှထွက်သော ရေနံဆီများကို မြန်မာတစ်ပြည်လုံးသို့ တင်ပို့ရောင်းချကြသည်။ ထို့ပြင် အင်္ဂလန်သို့လည်းတင်ပို့သည်။ တွင်းစားရိုး ၂၄ ဦးတို့ပိုင် လက်တွင်းများမှာ တွင်းကုန်းနှင့် ဘေးမဲ့ဒေသများ၌ ရှိကြသည်။ ခိုတောင် ရေနံမြေဧရိယာ ၆၈၀ ဒသမ ၁၂ဧကကို ဘီအိုစီကုမ္ပဏီသို့ ရေနံရှာဖွေခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။ သီးသန့်မြေ (တွင်းကုန်းနှင့်ဘေးမဲ့) နှစ်ကွက်တွင်မူ ခရစ်နှစ် ၁၈၉၅ ခုနှစ်လောက်ကစ၍ နှစ်စဉ် တစ်ဦးလျှင် ၁၂ တွင်း၊ ရာစီတွင်းစားရိုး ၂၄ ဦးအား အငှားဂရန် ထုတ်ပေးခဲ့သည်။ တော်တွင်း ၁၆၄ တွင်းအပါအဝင် တော်မြေကွက်ကိုလည်း ဘီအိုစီကုမ္ပဏီသို့အငှားချ ထားခဲ့သည်။ ခရစ်နှစ် ၁၈၈၅ ခုနှစ်တွင် တွင်းရိုးတွင်းစားများပိုင် လက်တွင်း ၉၁၂ တွင်း၊ ဘုရင်ပိုင်လက်တွင်း ၁၆၄ တွင်းရှိသည်ဟုသိရသည်။ ဗြိတိသျှ အစိုးရ အုပ်ချုပ်မှုအောက်တွင် တွင်းစားရိုး ၂၄ ဦးတို့ကို ထုတ်ပေးခဲ့သော ရေနံတွင်းရာပေါင်း ၄၂၃၅ ဖြစ်သော်လည်း နောင်အခါတွင် တွင်းရိုးတွင်းစားများပိုင် တွင်းရာ သုံးပုံတစ်ပုံလောက်သာ ကျန်တော့သည်။ သုံးပုံနှစ်ပုံ ရေနံတွင်းများကို ဘီအိုစီနှင့် အခြား မြန်မာ၊ တရုတ်၊ အိန္ဒိယ အမျိုးသား ငွေရှင်ကြေးရှင်များလက်သို့ ဈေးပေါပေါဖြင့် ရောင်းချခဲ့ကြလေသည်။ တွင်းရိုးတွင်းစားပိုင် ရေနံတွင်းရာများအနက် ဗြိတိသျှရေနံကုမ္ပဏီနှင့် ဖက်စပ်လုပ်ဆောင်ခဲ့ပြီး စက်ဖြင့်တူးဖော်သော ရေနံတွင်းပေါင်းမှာ ၈၀၀ ကျော်ရှိခဲ့သည်။ ကျန်ရေနံတွင်းများမှာ လက်တူးတွင်းများသာ ဖြစ်လေသည်။ မြန်မာတစ်ပြည်လုံး သူ့ကျွန်ဘဝရောက်ခဲ့ရပြီးနောက် ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့ အရင်းရှင်တို့သည် ဘီအိုစီကုမ္ပဏီကို တည်ထောင်ပြီး တစ်စတစ်စနှင့် မြန်မာ့ရေနံလုပ်ငန်းကိုလက်ဝါးကြီး အုပ်လာခဲ့ရာ ရိုးရာရေနံလုပ်ငန်းမှာ တဖြည်းဖြည်းနှင့် တိမ်ကော ပပျောက်သွားခဲ့ရလေသည်။
ခရစ်နှစ် ၁၉၆၃ ခုနှစ် တော်လှန်ရေးအစိုးရလက်ထက်တွင် ဆွေတော်မျိုးတော်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကုန်သွယ်မှုတိုးတက်ရေးနှင့် စက်မှုလက်မှုဌာနတာဝန်ခံ တော်လှန်ရေးအစိုးရထံ ဘီအိုစီရေနံတွင်းများ ရောင်းဝယ်ခြင်း ကိစ္စနှင့် ပတ်သက်၍ ၎င်းနှစ် ဖေဖော်ဝါရီလ ၁၄ ရက် နေ့စွဲဖြင့် အရေးဆို လျှောက်ထားခဲ့သည်။ လျှောက်ထားချက်မှာ ရေနံတွင်းများ တန်ဖိုးငွေချေခြင်း ကိစ္စနှင့် ပတ်သက်သည်။ ဘီအိုစီကုမ္ပဏီက ရောင်းသော ရေနံတွင်းများအနက်မှ “မင်းတွင်း” များဟု ခေါ်သောရေနံတွင်းပေါင်း ၁၃၇ တွင်းသည် မင်းတုန်းမင်း၏ တွင်းတော်များ ဖြစ်ကြောင်း၊ ဘီအိုစီကုမ္ပဏီမှ ရေနံတွင်းများကို ငွေပေါင်း ၆၂၅ သန်းဖြင့် ဝယ်ယူရန် ကိစ္စကို သိရှိရကြောင်း၊ ၎င်းငွေများအနက် ဖော်ပြပါ “မင်းတွင်း” ၁၃၇ တွင်းအတွက် တန်ဖိုးငွေ ၂၅ သန်းမျှကို မင်းတုန်းမင်း၏ မိမွေဖမွေ၊ ဘိုးမွေဘွားမွေ ဆက်လက်ခံစားရမည့်သူများ ဖြစ်ကြသော သားတော်၊ သမီးတော်၊ မြေးမြစ်တော်များကို ပေးသနားပါရန် မေတ္တာရပ်ခံကြောင်း၊ ဘိုးတော် မင်းတုန်းမင်းသည် ထိုမင်းတွင်းများကို မူလတွင်းများပိုင်ရှင် မမှုံဆိုသူထံမှလည်းကောင်း၊ ဦးဖေဆိုသူထံမှလည်းကောင်း ကိုယ်ပိုင်ငွေတော်များ ထုတ်၍ ဝယ်တော်မူပြီး သားစဉ်မြေးဆက်အထိ ပိုင်ဆိုင်သုံးစားနိုင်ရန် ထားတော်မူခဲ့သောပစ္စည်း မှန်ကန်ကြောင်းကို အထောက်အထား ပေးနိုင်ပါကြောင်း၊ ဘီအိုစီကုမ္ပဏီသည် နှစ်ပေါင်း ၇၀ ထိုတော်တွင်းများမှ စားသုံးခဲ့ကြောင်း ထင်ရှားသဖြင့် တော်လှန်ရေးအစိုးရအနေဖြင့် မှန်ကန်စွာ ဆုံးဖြတ်ပေးပါမည့်အကြောင်းကို မင်းတုန်းမင်းတရား၏ မြေးတော်များဖြစ်သော ဆွေတော်မျိုးတော်အဖွဲ့ချုပ် ဥက္ကဋ္ဌ မြို့ကြီးခေါင်ခေါင်နှင့် အတွင်းရေးမှူး မင်းတပ်ခေါင်ဘုရားတို့က လျှောက်ထားခဲ့သည်။ သို့သော် ဘာမျှအကြောင်းမထူးပါဟု ဆွေတော်မျိုးတော်များက စာရေးသူအား ပြောပြခဲ့ကြပါသည်။
ပါတော်မူပြီးနောက် အင်္ဂလိပ်လက်ထက်တွင် ငွေရှိသူများက ရေနံတွင်းများကိုဝယ်ပြီး လုပ်ကိုင်စားကြသည်။ ၎င်းတို့ကိုယ်၎င်းတို့ တွင်းစားဟုခေါ်သည်။ ထို့ကြောင့် မျိုးရိုးနှင့် ဆင်းသက်လာသော တွင်းရိုးတို့သည် ရေနံတွင်းဖြင့် လုပ်ကိုင်စားသည် ဖြစ်စေ၊ မစားသည်ဖြစ်စေ ၎င်းတို့ကိုသာ တွင်းရိုးဟု ခေါ်ကြသည်။ နောက်ပေါ်လာသည့် တောင်ပံနီ တွင်းစားများကို အရာမသွင်းကြချေ။ ထို့ကြောင့် “တွင်းရိုးတွင်းစား” ဟူသောအမည် ပျောက်သွားတော့သည်။ “တွင်းရိုး” အမည်တစ်ခုသာ ကျန်သည်။ ။
မောင်သန်းဆွေ (ထားဝယ်)
ငွေတာရီမဂ္ဂဇင်း(၂-၂၀၂၅)အမှတ်(၇၇၅)
တွင်းရိုးတွင်းစားမျိုး (၁) ကို ဖတ်ရှုရန် [Click]
Discover more from Burma Data
Subscribe to get the latest posts sent to your email.
