တွင်းရိုးတွင်းစားမျိုး (၁)

မြန်မာနိုင်ငံတွင် အမျိုးအနွယ် စောင့်ထိန်းကြသော မျိုးနွယ်စုများထဲ၌ မြန်မာစစ်စစ်ဖြစ်ပြီး ရှေးကတည်းက ယနေ့အထိ ရှိကြသေးသော မျိုးနွယ်စုကြီး နှစ်စုရှိပါသည်။ မင်းဘူး၊ စလင်းဘက်မှ “သူကောင်း” မျိုးများနှင့် ချောက်၊ ရေနံချောင်းဘက်မှ “တွင်းရိုးတွင်းစား” မျိုးများဖြစ်သည်။ သူကောင်းမျိုးများနှင့် တွင်းရိုးတွင်းစားမျိုးတို့သည် ၎င်းတို့မျိုးနွယ်အချင်းချင်းသာ ပြန်လက်ဆက်ကြပြီး အမျိုးအနွယ်ကို အလွန်စောင့်ထိန်းခဲ့သောကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် ဦးရေအားဖြင့် နည်းသွားပြီဖြစ်သည်။ တွင်းရိုးတွင်းစားများ ပေါ်ပေါက်လာပုံသမိုင်းကို ကြည့်လျှင် ပုဂံခေတ်မှစသည်ကိုတွေ့ ရပေမည်။ သက္ကရာဇ် ၂၃၈ ခုတွင် ပုဂံ၌ တန်နက်မင်းကြီးကို မြင်းတော်ခံ စလေငခွေးက လုပ်ကြံသည်။ တန်နက်မင်းကြီး၏ မိဖုရားသည် ဆွေတော်မျိုးတော်၊ နောက်လိုက်နောက်ပါများနှင့်အတူ ပုဂံမှ တိမ်းရှောင်ခဲ့ရာ ယခု ကမ္မရွာဟုခေါ်သောအရပ်သို့ ရောက်သည်နှင့် ဆွေတော်မျိုးတော်အချို့သည် ၎င်းအရပ်တွင်ပင် နေထိုင်ခဲ့ကြသည်။ အခြား ၁၂ ဦးသော အိမ်ထောင်စုံ ဆွေတော်မျိုးတော်အချို့သည် ဆိပ်သာကွန်းထောက်အရပ်သို့ သွားရောက်နေထိုင်ခဲ့ကြသည်။ မိဖုရားကြီးကမူ ကြောင်းဖြူအရပ်တွင် နေသည်ဟု အဆိုရှိသည်။

ဆိပ်သာကွန်းထောက်တွင် နေကြသော အနွယ်တော် ၁၂ ဦးသည် တောလည်ထွက်ကြရာ ပျားကြီးတောင်သို့ ရောက်၏။ နံ့သာမြေဆီတို့ပေါ်ထွက်နေသည်ကို တွေ့ကြသဖြင့် နေရပ်သို့ပြန်ရောက်သောအခါ မြို့သူကြီးထံတွင် ရေနံ့သာထွက်ရာဒေသအတွက် မြေတိုင်းစာ ခံယူကြသည်။ မြေတိုင်းစာရရှိသည့် နယ်နိမိတ်လေးရပ်မှာ အရှေ့ တောင်ခမောက်၊ အနောက်ပျားကြီးတောင်၊ တောင် ယောက်သွားတောင် (နောင်အခါ) မင်းလင့်တောင်၊ မြောက် ကျောက်မဆင်ရပ်တို့ ဖြစ်သည်။ ၎င်း ၁၂ ဦးသော အိမ်ထောင်စုအနွယ်တော်တို့သည် ထိုစဉ်ကတည်းကစပြီး နံ့သာမြေဆီကို ရောင်းချလျက် အသက်မွေးဝမ်းကျောင်းပြုလာကြသည်။

အနော်ရထာမင်း လက်ထက် ရောက်သောအခါ ရှင်အရဟံယူဆောင်လာခဲ့သော ပိဋကတ်တော်များကို ပေထက်အက္ခရာတင်သည်တွင် ပိဋကတ်ပေစာများကို ပိုးမွှားဘေးမှ ကာကွယ်ရန်၊ ရာသီဥတုဒဏ်ကို တားဆီးရန်နှင့် ကာလကြာမြင့်စွာ ခံနိုင်ရန်အတွက် နံ့သာဆီများ သုတ်လိမ်းထားလျှင် ကောင်းမည်ဟု အကြံရကြ၏။ ထို့ကြောင့် မင်းမိန့်နှင့် မှူးတော်မတ်တော်များက ဆိပ်သာကွန်းထောက်အရပ်သို့ စုံစမ်းရှာဖွေရာ နံ့သာမြေဆီထွက်ရာဒေသကို နယ်လေးရပ်သတ်မှတ်ပြီး ဖောက်ကားရောင်းချ စားသောက်နေကြသော တွင်းစားရိုး ၁၂ ဦး၊ အငယ် ၇ ဦး နှင့် နောက်ဆင့်တိုးပွားသူ ဦးတရုတ်၊ ဦးသာအောင်၊ ဦးရွှေအို စသည်ဖြင့် ၅ ဦး၊ ပေါင်း တွင်းစားရိုး ၂၄ ဦး ရှိနေကြောင်းကို တွေ့ရသည်ဟုဆိုသည်။ ၎င်းတွင်းစားရိုး ၂၄ ဦးမှတစ်ပါး ၁၄ ဦးသော တွင်းစားများသည်လည်း ထိုအခါကပင် စတင် ပေါ်ပေါက်လာသည်ဟု အချို့မှတ်ယူကြသည်။ မှူးမတ်တို့သည် တွင်းရိုးတွင်းစားများ၏ အိမ်ထောင်စုံ စစ်တမ်းနှင့်တကွ နံ့သာမြေဆီကိုပါ ဆက်သွင်းစေရမည်ဟု အမိန့်ထုတ်ပြီး ပုဂံသို့ပြန်လာကြသည်။ အနော်ရထာမင်းကြီးသည် အလိုရှိတော်မူသော နံ့သာမြေဆီနှင့်တကွ တွင်းရိုးတွင်းစားများ၏ အိမ်ထောင်စုံစာရင်းကိုပါ ရရှိသောအခါ ပိဋကတ်တော်မြတ်တို့ကို ထိန်းသိမ်းရေးတွင် လွန်စွာအသုံးဝင်သော နံ့သာဆီကို ရရှိသည့်အတွက် အလွန်ဝမ်းမြောက်တော်မူ၍ နံ့သာဆီကို ဆက်သည့် တွင်းစားရိုးများ ၁၂ ဦးအနက် အကြီးအကဲဖြစ်သူကို နေမျိုးသမန္တရာဇာဘွဲ့နှင့်တကွ တွင်းသူကြီး(ဝါ)တွင်းကြီးမင်းရာထူး အပ်နှင်းသည်။ ထို့ပြင် အခြားအကြီးအကဲ နှစ်ဦးတို့အားလည်း တွင်းခေါင်းရိုးနှင့် တွင်းဆော်ရိုးဟုခန့်ထားသည်။ ကျန် ၂၁ ဦးသော အိမ်ထောင်စုံတို့ကို “တွင်းစားရိုး”ဟု ခေါ်တွင်စေပြီး နောက်ဆင့်ပွား အိမ်ထောင်စုံ ၁၄ ဦးတို့ကို “တွင်းစား’များဟု ခေါ်တွင်စေရန် အမိန့်တော် မှတ်ခဲ့သည်ဟု ဆိုပါသည်။

ထိုစဉ်ကတည်းကစပြီး တွင်းစားရိုးနှင့် တွင်းစားများ ပေါ်ပေါက်လာခဲ့သည်ဟု အဆိုရှိသည်။ ၎င်းတို့မှ ပေါက်ဖွားလာသော သားစဉ်မြေးဆက်များသည် ပိဋကတ်တော်မြတ်များ သုတ်လိမ်းရန် အတွက်လည်းကောင်း၊ဘုရင့်ဖောင်တော်၊ လှေတော်၊ သမ္ဗန်တော်များ အပေါက်အပြုရှိပါက ပွဲ့လျက်နှင့်ကျိုချက်၍ ဖာထေးရန် အတွက်လည်းကောင်း နံ့သာဆီများဆက်သွင်းကြစေ၊ အခြားမင်းမှုမင်းခင်းအခွန်တော်များ ခန့်ခွဲခြင်းမှ လွတ်ငြိမ်းစေ၊ ၎င်းတို့၏ အမှုအခင်း ကိစ္စများကိုလည်း တွင်းကြီးမင်းကစီရင်စေဟု ထွက်ရှိသဖြင့် မူလမြို့အမည် ဆိပ်သာကွန်းထောက်မှ ရေနံ့သာ၊ ထို့နောက် ရေနံချောင်းဟူ၍ ပုဂံခေတ်တွင် မြို့အမည်တွင်လာကြောင်း ဖော်ပြထားသည်။

မူလ တွင်းစားရိုး ၂၄ ဦးတွင် ယောက်ျား ၁၈ ဦးနှင့် မိန်းမ ၆ ဦးရှိသည်ဟုဆိုသည်။ ၎င်းတို့သည် ရှေးဦးစွာသော တွင်းစားရိုးများဖြစ်သည်။ ထို့ကြောင့် ယောက်ျား ၁၈ ဦးက ဆင်းသက်လာသော တွင်းစားရိုး မှန်သမျှကို ယောက်ျားမျိုးရိုး “ပုဆိုးစ” ဟုခေါ်၍ မိန်းမ ၆ ဦးမှဆင်းသက်လာသော တွင်းစားရိုး မှန်သမျှကို မိန်းမမျိုးရိုး “ထဘီစ” ဟုခေါ်သည် ဆိုပါသည်။ ၎င်း “ပုဆိုးစ”၊ “ထဘီစ” များသည် သူ့စည်းကမ်းနှင့်သူရှိသည်။ ယောက်ျားမျိုးရိုး “ပုဆိုးစ” တွင်းစားရိုးမှ သမီးများသည် တွင်းစားရိုးဖြစ်မလာပေ။ သားဦးသည်သာ တွင်းစားရိုးဖြစ်လာသည်။ ကျန်သားများသည် တွင်းစားများဖြစ်လာသည်။ တွင်းစားရိုးများသာ တွင်းသစ်ရှာခွင့် ရှိသည်။ ထို့အတူ မိန်းမမျိုးရိုး “ထဘီစ” တွင်းစားရိုးတွင်လည်း သားများသည် တွင်းစားရိုး ဖြစ်မလာပေ။ သမီးဦးသာလျှင် တွင်းစားရိုးဖြစ်လာနိုင်သည်။ “ထဘီစ”၊ “ပုဆိုးစ” များ ဆင်းသက်လာပုံကို တွင်းစားရိုးများတွင်ရှိသော နဝရတ်ရောင်စုံကျမ်းတွင် အစဉ်အဆက် စာရင်းပြုထားကြသည်။ တွင်းစားရိုးတိုင်းတွင် ၎င်းကျမ်းရှိသည်။ ဝိဝါဒဖြစ်လျှင် တွင်းကြီးမင်းထံ အဆုံးအဖြတ်ခံယူကြသည်။ တွင်းကြီးမင်းကလည်း နဝရတ်ရောင်စုံကျမ်းကို မှီငြမ်းပြုပြီး အဆုံးအဖြတ် ပေးရသည်။

တွင်းစားရိုးနှင့် တွင်းစား ခြားနားချက်မှာ တွင်းစားရိုးသည် တွင်းကိုပိုင်ဆိုင်ခွင့်၊ တွင်းသစ်တူးဖော်ခွင့်များ ရှိသည်။ တွင်းစားများမှာမူ ဆိုင်သာဆိုင်၍ မပိုင်ကြချေ။ ထို့ပြင်တွင်းစားရိုးများထံ လစဉ်အခွန်ပေးရပြန်သေးသည်။ ငွေကြေးတတ်နိုင်၍ ရေနံတွင်းဝယ်ပြီး တွင်းစားဖြစ်လာသူများကိုမူ “တောင်ပံနီတွင်းစား’ဟု နှိမ်၍ခေါ်ပါသည်။ တွင်းစားရိုးများသည် တောင်ပံနီတွင်းစားများကို လူရာမသွင်းကြချေ။

တွင်းစားရိုးများ၏ မျိုးရိုးကျမ်းကို နဝရတ်ရောင်စုံကျမ်းဟု ခေါ်ခြင်းမှာ ၎င်းတို့ယုံကြည်ကိုးစားမှုနှင့် ဆက်နွှယ်နေသည့် သမိုင်းကို တွေ့ ရသည်။ ပုဂံခေတ် အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရာတွင် ရေနံချောင်းမြို့နေရာ၌ ရပ်တန့်စဉ် မင်းကြီး၏မိဖုရားခုနစ်ပါးသည် အခြွေအရံများနှင့် လှည့်လည်၍ တောကစားထွက်ကြသည်ဆိုသည်။ မျက်မှောက်ခေတ်တွင် တွင်းမတော်ဟုခေါ်သော အရပ်သို့ ရောက်သောအခါ နံ့သာမြေဆီတို့သည် မြေမှထွက်သည့် အခြင်းအရာကို တွေ့ကြသည်။ နံ့သာမြေဆီ၏ ရနံ့၊ အံ့မခန်းသောအခြင်းအရာတို့ကြောင့် မိဖုရားများ အလွန်အကြူး မြူးထူးမိကြရာ မင်းကြီး ဖောင်တော်ထွက်ချိန်အထိ ပြန်မရောက်ကြချေ။ အခစား လစ်ဟင်းကြကုန်သည်။ မင်းကြီးသည် ယခင် မင်းလင့်တောင်ဟုခေါ်သောအရပ်တွင် စောင့်လျက်နေသေးသည်ဟု ဆိုသည်။ မင်းကြီးသည် သာသနာရေးနှင့် တိုင်းရေးပြည်ရေးတို့ကို အချိန်မလစ်ဟင်းစေရန် မစောင့်နိုင်သည့်အဆုံး ခရီးစဉ်အတိုင်း ထွက်တော်မူခဲ့သည်။ အပျော်ဖက်သောမိဖုရားတို့ကို ကွပ်မျက်ရန် အမိန့်တော်ချမှတ်ခဲ့သည်ဆိုသည်။ မိဖုရားတို့သည်လည်း နံ့သာမြေဆီကိုအကြောင်းပြုလျက် မြူးထူးပျော်ပါးမိလေသောကြောင့် မင်းဒဏ်သင့်ရသည်ဟုအယူဖြင့် သေရအံ့သောအခါ၌ အောက်ပါအတိုင်း အဓိဋ္ဌာန်ပြုကြသည်ဟုဆိုသည်။ “နံ့သာမြေဆီကို တပ်မက်မိသောကြောင့် အသက်ဆုံးရှုံးရပါတော့အံ့၊ ဤသို့ အသက်ဆုံးရှုံးရငြားသော်လည်း နောင်ဘဝတွင် ဤဒေသ၌ အစောင့်အကြပ် နတ်များ ဖြစ်လာကြ၍ တွင်းရိုးတွင်းစားများ၏ ပူဇော်ရာ၌ တည်ပါစေသတည်း၊ နံ့သာမြေဆီများတွင် မွှေးသောရနံ့ပျောက်၍ နံသောအနံ့ ရောက်ပါစေသတည်း၊ တူးယူဖောက်ကား စားသုံးသူများအတွက် ချောင်းကဲ့သို့ ယိုထွက်ပါစေသတည်း” ဟူ၏။

မိဖုရားများ၏မောင်တော် ကျေးပုဏ္ဏားသည်လည်း အလားတူ မင်းဒဏ်သင့်သည်ဟုဆိုသည်။ မိဖုရားခုနစ်ဖော်မှာ ညောင်အုပ်မိဖုရား၊ ညောင်ရွှေမိဖုရား၊ စလေမိဖုရား၊ ထီးလင်းမိဖုရား၊ ကျပင်းမိဖုရား၊ ပုပ္ပားမိဖုရားနှင့် ညောင်ရမ်းမိဖုရားတို့ဖြစ်ကြသည်။ ထိုအချိန်ကာလမှအစပြု၍ နံ့သာမြေဆီများမှာ သင်းပျံ့သော ရနံ့များပျောက်၍ နံသော အနံ့အသက်များ ထွက်ပေါ်လာသည်ဆို၏။ ထိုအခါမှအစပြု၍ ရေနံ့သာဟူသောဘဝမှ ရေနံဟူသောအဖြစ်သို့ ရောက်သည်ဆိုသည်။ မောင်တော်ကျေးပုဏ္ဏားနှင့် မိဖုရားခုနစ်ဖော်တို့သည်လည်း အစောင့်အကြပ် နတ်အဖြစ်သို့ ရောက်ကြသည်ဟုဆိုသည်။ တန်နက်မိဖုရားကြီး၏ မောင်တော်မှာလည်း ဆိပ်သာကွန်းထောက်မြို့တွင် အနွယ်တော်များအား စောင့်ရှောက်လာခဲ့ရာက အသက်အရွယ် ကြီးရင့်သဖြင့် ကွယ်လွန်ရှာလေသည်။ ပထမဦးစွာ ရေနံ့သာကို ရှာဖွေတွေ့ကြသူတို့၏ အကြီးအကဲ ခေါင်းဆောင် ဖြစ်သည့် အားလျော်စွာ အနွယ်တော်များအား စွဲလမ်းသော သံယောဇဉ်ကြောင့် အစောင့်အရှောက်နတ် ဖြစ်လာသည်ဟု ဒေသဆိုင်ရာလူများ ယူဆယုံကြည်ကြလေသည်။ ယခု ရေနံချောင်းဘိုးဘိုးကြီးနတ်ကို ဆိုလိုသည်။

ဖော်ပြပါအကြောင်းအရာများသည် ဒဏ္ဍာရီပုံပြင် ဆန်သော်လည်း ဒေသဆိုင်ရာလူများနှင့် တွင်းရိုးတွင်းစားများ၏ ယုံကြည်ချက်ဖြစ်၍ ဖော်ပြရခြင်း ဖြစ်သည်။ တွင်းရိုးတွင်းစားများသည် ရေနံတွင်း တူးဖော်မည်ကြံရွယ်လျှင် မိမိတို့တွင်းရာအနီး၌ မိမိတို့၏ မူလအစအနွယ်တော် ရေနံချောင်းဘိုးဘိုးကြီးနတ်နှင့် မိဖုရားခုနစ်ဖော်၊ မောင်တော်ကျေးပုဏ္ဏားနတ်တို့အား တင်မြှောက်ပသ၍ အောက်ပါဆုတောင်း လင်္ကာကို ရွတ်ဆိုကြရသည်။ “ဘိုးကြီးသခင်၊ ကျေးဇူးရှင်နှင့်၊ ညောင်အုပ် ညောင်ရွှေ၊ စလေထီးလင်း၊ ကျပင်းပုပ္ပား၊ ညောင်ရမ်းစား၊ မိဖုရားခုနစ်ဖော်၊ မောင်တော်ထင်ရှား၊ ကျေးပုဏ္ဏား၊ စားတော်ခေါ်ပါ၊ သောက်တော်ခေါ်ပါ၊ အစဉ်ကိုး၍၊ အရိုးတင်ပါသည်၊ အမြှုပ် တောင်လိုတန်းပါစေ၊ အရေ ခေါင်သို့ပန်းပါစေ၊ မတော်မူပါ၊ စတော်မူပါ” ထိုသို့ပသရာတွင် နှီးကြောဖျာ၊ သင်ဖြူး၊ ကော်ဇောများ ခင်းလျက် ပန်းကန်ပြား ၁၁ ချပ်တွင် ကောက်ညှင်းပေါင်း၊ ငါးကြော်ခေါင်းအမြီး စုံလင်စွာ ထည့်ပြီး ကန်တော့ပွဲမြှောက်တင်ကြရလေသည်။ ကန်တော့ပွဲများမှာ ရေနံချောင်း ဘိုးဘိုးကြီးအတွက် တစ်ပွဲ၊ မိဖုရားခုနစ်ပါးအတွက် ခုနစ်ပွဲ၊ မောင်တော် ကျေးပုဏ္ဏားတစ်ပွဲ၊ ရုက္ခစိုးတစ်ပွဲနှင့် ဘုမ္မစိုးတစ်ပွဲ စုစုပေါင်း ၁၁ ပွဲဖြစ်ပါသည်။

ရေနံချောင်းဘိုးဘိုးကြီး၊ မိဖုရားခုနစ်ပါးနှင့် မောင်တော်ကျေးပုဏ္ဏား၊ ပေါင်း ၉ ယောက်တွင် အကြီးအကဲဖြစ်သူ ရေနံချောင်းဘိုးဘိုးကြီးမှ ဆင်းသက်လာသော အမျိုးအနွယ်စုစာရင်းနှင့်တကွအကြောင်းအရာများ ပါဝင်သည့် ကျမ်းဖြစ်သဖြင့် တွင်းစားရိုးများ၏ မျိုးရိုးကျမ်းကို နဝရတ်ရောင်စုံကျမ်းဟု ခေါ်ခြင်း ဖြစ်နိုင်သည်ဟု အချို့ကယူဆကြသည်။ မည်သို့ပင် ရိုးရာစွဲသည်မှာ မှန်သည်ဖြစ်စေ၊ မမှန်သည် ဖြစ်စေ တွင်းရိုးတွင်းစားဟူသော လူ့အဖွဲ့အစည်း၏ သီးသန့်လူတန်းစားတစ်ရပ်ကား အထင်အရှား ရှိခဲ့လေသည်။

ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်မှစ၍ ရေနံချောင်းမြို့ဒေသတွင် ရေနံတူးဖော်မှုကို ၎င်းသီးသန့်လူတန်းစားတစ်ရပ်ကသာရရှိကြောင်းကို မှတ်တမ်းများ ရှိခဲ့သည်။ ဘိုးတော်ဘုရား(ဗဒုံမင်း) လက်ထက် ၁၁၄၅ ခု စစ်တမ်းစာရင်းဆက်သွင်းရာ ရေနံချောင်းမြို့ တွင်းကြီးမင်း နေမျိုးမင်းကျော်သီရိ သမန္တစည်သူဘွဲ့ခံ ဦးဖျော်သား မောင်လေး၊ မောင်ကုံး စသော ဆွေမျိုးစာရင်းကို အစဦးထား၍ တွင်းစားရိုး ၂၄၊ တွင်းစားအိမ်ထောင်စုံ ၄၀၊ နှစ်သွယ်စာရင်းပေး ၆၄ ကို ရောထွေးမရှိ သီရိသင်္ဂါတိုက်မှာ သွင်းကာနှံထား လွန်ထင်ရှားခဲ့လေသည်။ ။

မောင်သန်းဆွေ(ထားဝယ်)
ငွေတာရီမဂ္ဂဇင်း(၁-၂၀၂၅) အမှတ်(၇၇၄)


Discover more from Burma Data

Subscribe to get the latest posts sent to your email.

One thought on “တွင်းရိုးတွင်းစားမျိုး (၁)”

Leave a Reply