ဦးဘိုးသီးပိဋကတ်တိုက်ရှိပေစာများ

A spreadsheet displaying a list of items with columns for various attributes in the Myanmar language.

သထုံ ဦးဘိုးသီး ပိဋကတ်တိုက်မှာရှိတဲ့ ပေပုရပိုဒ်တွေကို Digitized လုပ်ထားတာမှာ အမည်ပေးစနစ်က ရောမစနစ်နဲ့ ဖြစ်နေတာမို့ ရှာဖွေရလွယ် ဖတ်ရလွယ်စေဖို့ မှော်ဘီဓမ္မနဒီဆရာတော် အရှင်ဝိလာသဂ္ဂလင်္ကာရ မြန်မာပြန်ထားတာနဲ့ တိုက်ညှိပြီး အမျိုးအစားတွေ ခွဲပေးထားပါတယ်။ တချို့ဖိုင်တွေက အမည်မှားနေတာလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ [ဦးဘိုးသီးစာကြည့်တိုက်ကျမ်းအညွှန်း] အောင်ဇော်ထွတ်(စာကြည့်တိုက်ပညာ) ရဲ့ မြန်မာနိုင်ငံပိဋကတ်တိုက်၊ စာကြည့်တိုက်များ စာအုပ်မှာ ဦးဘိုးသီး ပိဋကတ်တိုက်အကြောင်း ရေးထားတာလေးလည်း မှတ်တမ်းအနေနဲ့ သိမ်းဆည်းထားလိုက်ပါတယ်။

ဦးဘိုးသီးပိဋကတ်တိုက်
တစ်သိန်းတန်ပိဋကတ်တိုက်

မြန်မာနိုင်ငံအရပ်ရပ်၌ စာပေစုဆောင်းသူများသည် ဝါသနာအလျောက်တည်ထောင်ထားသော ပုဂ္ဂလိက ပိဋကတ်တိုက်များအနက် သထုံမြို့ရှိ ပင်စင်ရ နယ်ပိုင်ဝန်ထောက်မင်း ဦးဘိုးသီး၏ ပိဋကတ်တိုက်သည် ထင်ရှားလေသည်။ ပိဋကတ်တိုက် တည်ထောင်လုပ်ဆောင်မှု၌ ဦးဘိုးသီးသည် အတုယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးကိုရှေးရှုလျက် စာပေပိဋကတ်တိုက်ကြီး တစ်ခုကို သထုံမြို့ မြသပိတ်တောင်ခြေ၌ ကျပ်ငွေတစ်သိန်း အကုန်အကျခံကာ တည်ထောင်ခဲ့သည်။ ဝန်ထောက်ဦးဘိုးသီနှင့် မင်းကတော်ခင်ခင်ကြီးတို့၏ တစ်သိန်းတန် ပိဋကတ်တိုက်ဖြစ်သည်။

ဦးဘိုးသီး၏ဆန္ဒနှင့် လုပ်ဆောင်ချက်
ဦးဘိုးသီးသည် ဇရပ်ဆောက်၊ ကျောင်းတည် စာအုပ်ကုသိုလ်နှင့် မတင်းတိမ်နိုင် အားမရနိုင်ဘဲ ဓမ္မဒါနဟု ဆိုအပ်သော အမြတ်ဆုံးဒါနကို ပြုလုပ်လိုသူဖြစ်သည်။ မိမိ၏ အာသီသ ပြည့်ဝစိမ့်သောငှာ စာပေပိဋကတ်တိုက်ကြီး တစ်ခုကို ပြုစုပျိုးထောင် တည်ဆောက်လိုသည်။ ပါဠိမြန်မာ စာပေအစုစုအတွက် အပြည့်စုံသော ပိဋကတ်တိုက်ကြီး ဖြစ်လာစေရန် ရည်သန်လျက် ဦးဘိုးသီသည် သူ၏မိတ်ဆွေပညာရှိ စာပေဗဟုသုတ ပညာရှင်တို့နှင့် တိုင်ပင်လေသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဦးလူဖေဝင်းက အောက်ပါအတိုင်းတိုက်တွန်းခဲ့ပါသည်။ “လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်လောက်က ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် ကျောင်းပိတ်ရက်အတွင်း သီတင်းကျွတ်လပြည့်ကျော်တွင် သထုံမြို့ရှိ ဦးဘိုးသီထံ ရောက်သွား၍ စကားစမြည်း ပြောကြရာဝယ် ထိုဥပသကာကြီးသည် မိမိပြုစုလုပ်ကိုင်မည့် ကြီးမားခမ်းနားသောဒါနဖြစ်သည့် ပိဋကတ်တိုက် တည်ထောင်မည့် အကြောင်းကို ထုတ်ဖော်ပြောဆိုလေတော့သည်။ ကျွန်တော်က ယင်းအကြံအစည်ကို အမြန်ဆုံးအထမြောက်ပါစေဟု ဆုတောင်းကာ များစွာ သာဓုခေါ်ကြောင်း ပြောဆိုပြီးလျှင် မင်းတုန်းမင်းတရားကြီးလက်ထက် စကြာဒေဝီမိဖုရားကြီးက စိတ်ဝင်စားစွာ နန်းမတော်ဝန် ဦးရံကို ပိဋကတ်တိုက်စိုး ခန့်အပ်လျက် ပေစာ၊ ပုရပိုက်စာတို့ကို စုဆောင်းစေပြီးသော် စာပေစာရင်းကို ပြုလုပ်စေရာ ယခုအခါပိဋကတ်သမိုင်းအနေနှင့် ပုံနှိပ်စာအုပ်တစ်အုပ်၊ ပိဋကတ်သုံးပုံ စာတမ်းအနေနှင့် ပုံနှိပ်စာအုပ်တစ်အုပ် ပေါင်းနှစ်အုပ်ရှိကြောင်း။ ထိုစာအုပ်နှစ်အုပ်ဟာ စာပေစာရင်းများအတိုင်း တစ်စောင်မျှ မကျန်ရအောင် မရမကရှာဖွေ စုဆောင်းသင့်ကြောင်း အကြံပေးကာ ကျွန်တော် တိုက်တွန်းခဲ့ပါသည်။ *(လူဖေဝင်း၊ ဦး။ မြန်မာပိဋကတ်တိုက်များ၊ စာ၊ ၇၃ – ၇၄)

ဝန်ထောက်မင်း ဦးဘိုးသီးသည် ငွေတစ်သိန်း အကုန်အကျခံကာ ပါဠိမြန်မာ စာပေစာအုပ်များကို ဝယ်ယူလေသည်။ ရှားပါးစာအုပ်များကို စာအုပ်အဟောင်းဆိုင်များ၊ လမ်းဘေးဆိုင်များ၊ ရွှေတိဂုံဘုရားကြီးဈေး၊ မန္တလေး ဈေးချိုတိုက်တန်း စာအုပ်ဆိုင်များမှ ခဲယဉ်းစွာဖြင့်ဝယ်ယူစုဆောင်းသည်။ ပေပုရပိုက်များကို ဝယ်ယူစုဆောင်းသည့်အပြင် ပေစာအသစ်များကိုလည်း ကူးရေးခပေး၍ စုဆောင်းလေသည်။ ပိဋကတ်သုံးပုံကို ပိဋကတ္တသဝီဒူ အဂ္ဂမဟာပဏ္ဍိတ ပုဂ္ဂိုလ်ကျော်တို့အား လွှဲအပ်တော်မူ၍ ဆိုင်ရာ ကညစ်ရေး၊ ပေရေးအတတ်၌ ကျွမ်းကျင်လိမ္မာကုန်သော ကျောင်းစာရေးတို့ကို မြောက်မြားစွာ ပေးကမ်းချီးမြှင့် ၁ဝ နှစ်ကျော်ခန့် ပေထက်က္ခရာ တင်ခဲ့သည်။ ထို့ပြင်မြန်မာနိုင်ငံအတွင်းရှိ ပိဋကတ်စာပေ စုံလင်သော ကျောင်းတိုက်ကြီးများသို့ လူစေလွှတ်၍ ကျမ်းဟောင်းကျမ်းသစ်၊ မူဟောင်းမူသစ်တို့ကို ရွေးချယ်စိစစ်ပြီးလျှင် ခဲခဲယဉ်းယဉ်း ကူးယူစေသည်သာမက သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံသို့ မရောက်လာသေးသော အချို့ကျမ်းစာတို့ကိုလည်း မရရအောင် ရှာဖွေကူးယူစေသည်။ ဝန်ယောက်ကြီး၏ ရည်ရွယ်ချက်မှာ ပိဋကတ်တော်တို့ကို တစ်ဆင့်ကူးယူလိုကြသော ပုဂ္ဂိုလ်များနှင့် ယင်းအလေ့အကျက် ကြည့်မှုမှတ်သားလိုကြသော ပိဋကတ်စာပေအတွက် အခက်အခဲ မတွေ့စေရဘဲ တစ်နေရာတည်း တစ်ထိုင်တည်းနှင့် အလိုဆန္ဒပြည့်ဝကြရန်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ ကြိုးစားရှာဖွေ စုဆောင်း၍ သူ၏ပိဋကတ်တိုက်ကြီးကို ပြည့်စုံအောင် စီမံဖန်တီးခြင်းဖြစ်လေသည်။

စီစဉ်ထားရှိပုံ
မဟညာဓမ္မစေတီတိုက်တွင် ဘုံသုံးဆင့်ရှိသည်။ ပထမအဆင့်၌စာပြန်ပွဲ၊ ကထိန်ပွဲ၊ သံဃာ့အစည်းအဝေးပွဲများ ပြုလုပ်ခြင်း၊ ပိဋကတ်ကျမ်းစာတို့ကို ညဉ့်အိပ်ညဥ့်နေကြည့်မှုလိုက ကြည့်မှုနိုင်ခြင်း စသော သာမန်ကိစ္စများကို ဆောင်ရွက်တော်မူကြရန် စီမံထားလေသည်။ ဒုတိယအဆင့်၌ အတွင်းခန်း အပြင်ခန်းဟု (၂) ခန်းရှိသည်။ အတွင်းခန်း၌ ရွှေဖြင့်မွန်းမံထားသော ပိဋကတ်တိုက် ဗီရိုကြီး (၈) လုံးရှိသည်။ တစ်လုံးတွင် ပိဋကတ်စာထုပ်ပေါင်း (၇၅) ထုပ်စီ ရှိသည်။ ပထမဗီရို၌ ဒီဃနိကာယ်ကစ၍ နိကယ်ကြီးငါးရပ်ကို အစဉ်အတိုင်း စာထုပ်နံပါတ်၊ နေရာနံပါတ်တို့နှင့် ကိုက်ညီအောင် စီစဉ်ထားသည်။ ပိဋကတ်သမိုင်းခေါ် အက္ခရာစဉ် မာတိကာစာအုပ်၌ မိမိတို့အလိုရှိရာ ပိဋကတ်စာတိုက်ဗီရို၌ နံပါတ်ပါ စာထုပ်ကို ဆွဲယူလျှင်အလိုရှိရာ ကျမ်းစာကို အလွယ်ပင် ရပေသည်။ ကတ်တလောက် ကတ်ပြားစနစ် မသုံးသည်မှအပ ခေတ်မီစာကြည့်တိုက်တစ်ခုနှင့် မခြားလှပေ။ ပညာရပ်တို့ကို သင်္ကေတအမှတ်ဖြင့် စီစဉ်ထားရှိသောကြောင့် စာရှာသူများအတွက် များစွာ အကျိုးပြု မှီငြမ်းနိုင်သည်ကိုသိရှိရပါသည်။ မင်ရေးပိဋကတ်တော်များ ထားသော ဗီရိုငယ်များလည်း ရှိပေသေးသည်။ အပြင်ခန်း၌ လွတ်လပ်ချောင်ချိစွာ စင်္ကြံသွားရန်နှင့် ထောင့်လေးခု၌ တည်းခိုရန် အခန်း (၄) ခန်းထားရှိပေသည်။

တတိယအဆင့်၌ စေတီ ၄ ဆူရှိ၍ ဓာတ်တော်များ ဌာပနာထားလေသည်။ (လှတင်၊ ဦး။ (လယ်တီ)။ ပိဋကတ်သုံးပုံစာတမ်း (ရန်ကုန်၊ ဇမ္ဗူမိတ်ဆွေ၊ မ ၁၃၂၀) စာ – ၁၇ – ၁၈။) “ဤသို့လျှင်စေတနာဖြူစင်၊ သဒ္ဓါတရားကြီးမား၊ စဉ်းစားစိတ်ကူးဉာဉ် ကောင်းသော ပညာရှိ အငြိမ်းစားဝန်ထောက်မင်း ဦးဘိုးသီး၏ ကုသိုလ်ကောင်းမှုဖြစ်သော ဓမ္မစေတီ ဓမ္မဒါန ပိဋကတ်တိုက်ကြီးသည် သုတေသနလိုက်စားသူ စာဖတ်ဝါသနာပါသူတို့အတွက် သထုံမြို့၌ ပေါ်ထွက်တည်တံ့လာရာ ဘာစာအုပ်၊ ဘယ်ပေထုပ်ကို၊ ဘယ်ဗီရိုမှာရှာလျှင် ဘယ်နံပါတ်နှင့်တွေ့မည်ဟု ကတ်တလောက် ပြုလုပ်ထားသော ပုံနှိပ်စာအုပ်စာရင်းကိုလည်း လယ်တီဦးလှတင်ဆို နိဒါန်းနှင့်တကွ ပိဋကတ်တိုက်၏ အတ္ထုပ္ပတ္တိကိုပါ ထည့်သွင်းဖော်ပြ၍ ရေးသားစေပြီးလျှင် စက်တင်ပုံနှိပ် ထုတ်ဝေ လှူဒါန်းပြန်လေသည်။ (လူဖေဝင်း၊ ဦး။ မြန်မာပိဋကတ်တိုက်များ၊ စာ- ၇၅)

ဦးဘိုးသီးပိဋကတ်တိုက်ကို ကောဇာသက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ရေစက်သွန်း၍ လှူဒါန်းခဲ့ပါသည်။ စာကြည့်ပိဋကတ် လှူရုံသာမက၊ ပိဋကတ်ရှိ စာအုပ်စာရင်းပါ ပြုစုခဲ့သောကြောင့် ပိဋကတ်ဆိုင်ရာ ကျမ်းနှစ်စောင်အပြင် ပိဋကတ်ဆိုင်ရာ စာပေစုဆောင်းမှုကို ပုံနှိပ်ထားသည်။ ကတ်တလောက် စာစုစာရင်းမှာ လယ်တီဦးလှတင်၏ အားထုတ်မှုကြောင့်လည်းကောင်း စည်းမျဉ်းဥပဒေဖြင့် လေ့လာဖတ်ရှုစေခြင်းတို့မှာ မြန်မာစာကြည့်တိုက်ခရီးတွင် ထင်ရှားသော မှတ်တိုင်အဖြစ် မှတ်ယူရပေသည်။

ပေစာနှင့် ပုံနှိပ်စာအုပ်များ
ပေစာထုပ်ပေါင်း (၁၃၄၅) ထုပ်ရှိသည်။ ပုံနှိပ်စာအုပ်အမျိုးအစား (၁၅၀၀) နီးပါးရှိသည်။

ပေစာထုပ်စာရင်း

ပျို့စောင်ရေပေါင်း (၃၃) စောင်
ရှိသည်။ ၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။
၁။ အာယုဒီကပျို့
၂။ ဘလ္လာတိယပျို့
၃။ ဗာဝရီပျို့ဗာဝရီမော်ကွန်း
၄။ ဘူရိဒတ်ဓာတ်ပေါင်းပျို့
၅။ ဓမ္မဓဇပျို့
၆။ ဂါထာခြောက်ဆယ်ပျို့
၇။ ကုသပျို့
၈။ လောကဝိဒူမော်ကွန်းပျို့
၉။ မဟာသီလဝပျို့
၁၀။ မဟော့ပြဿနာခန်းပျို့
၁၁။ မဟောသဓပျို့
၁၂။ မဟာသရပျို့
၁၃။ မဏိကတ်ပျို့သစ်
၁၄။ မောဂ္ဂလာန်ပျို့
၁၅။ နေမိဘုံခန်းပျို့
၁၆။ နာနာဆန္ဒပျို့
၁၇။ နေမိငရဲခန်းပျို့
၁၈။ ငရံ့မင်းပျို့
၁၉။ စဇ္ဇေယျပျို့
၂၀။ စန္ဒကုမာရပျို့
၂၁။ စတုဓမ္မသာရပျို့
၂၂။ ဆုတောင်းခန်းပျို့
၂၃။ စန္ဒကိန္နရီပျို့
၂၄။ သာဓိနပျို့
၂၅။ သံဝရပျို့
၂၆။ သရဘင်္ဂပျို့
၂၇။ သုတသောမပျို့
၂၈။ ဥမ္မာဒန္တီပျို့
၂၉။ ဥတိန္နပျို့
၃၀။ တွင်းသင်းတိုက်ဝန်ရေးသောဝေဿန္တရာပျို့သစ်
၃၁။ ဝိဓူရပျို့
၃၂။ ယသော်ဓရာကတော့ခန်းပျို့
၃၃။ ဇနကပျို့

ဧချင်းပေမူ (၁၁) စောင်
၁။ မင်းတရားရွှေထီးဧချင်း။
၂။ မင်းတရားရွှေထီးဧချင်း။
၃။ မင်းတရားမယ်တော်ဧချင်း
၄။ မင်းရဲကျော်စွာစုန်ဧချင်း
၅။ မင်းရဲကျော်စွာဧချင်း
၆။ မင်းရဲသိင်္ခသူဧချင်း
၇။ နတ်ရှင်မယ်တော်ဧချင်း
၈။ သခင်ထွေးဧချင်း
၉။ သခင်ကြီးဧချင်း
၁ဝ။ ဥပရာဇာဧချင်း
၁၁။ ယိုးဒယာမိဖုရားဧချင်း

ကဗျာပေစာမူ (၁၆) စောင်
၁။ ရဲတင်းမော်ကွန်း
၂။ အဿဇေယျမော်ကွန်း (မှတ်ချက်။ အဋ္ဌဇေယျမော်ကွန်း ဖြစ်ရမည်)
၃။ ရွှေမင်းဘုန်းဆင်တော်မော်ကွန်း
၄။ ရတနာပြောင်မွန်ဆင်တော်မော်ကွန်း
၅။ ဣသျှံဂူမော်ကွန်း
၆။ ရတနာနဒီမော်ကွန်း
၇။ တံတားဦးမည်မော်ကွန်း
၈။ ဇင်းမယ်နိုင်မော်ကွန်း
၉။ တေမိသာချင်း
၁ဝ။ မဟော်ကျေးစေခန်းသာချင်း
၁၁။ မဟော်ကျေးစေခန်းသာချင်း
၁၂။ ဆယ့်နှစ်ရာသီအဲချင်း မယ်ခွေအို
၁၃။ မင်းဇယရန္တမိတ်ရတု
၁၄။ သျှင်ဥတ္တမကျော်တောလား
၁၅။ ရာမရကန်
၁၆။ တေးထပ်သဖြန်ရှစ်ဆယ်ပေါ် မြောက်ဖက်သံနှင့် သုံးတပ်အိုင်

ရာဇာဝင်နှင့်ပတ်သက်သော ပေစာမူများ
၁။ ရာဇဝင်မော်ကွန်းလင်္ကာ
၂။ ရာဇဓိရာဇ်အရေးတော်ပုံ
၃။ ရာဇဝင်ချုပ်
၄။ မွန်ရာဇဝင်
၅။ တရုတ်ရာဇဝင်
၆။ ဇင်းမယ်ရာဇဝင်
၇။ ရခိုင်ရာဇဝင်

အထွေအထွေစာစုစာရင်း
၁။ သေနင်္ဂဗျူဟာကျမ်း
၂။ စစ်ဆင်နည်း
၃။ ဓားတော်ကျမ်း
၄။ ဣန္ဒာပံသနန်းတွင်းဇာတ်တော်ကြီး
၅။ ဝိဇယကာရီနန်းတွင်းဇာတ်တော်ကြီး
၆။ ဣန္ဒာဝုစနန်းတွင်းဇာတ်တော်ကြီး
၇။ ရာမဇာတ်တော်ကြီး
၈။ ကေသာသီရိမင်းသမီးနန်းတွင်းဇာတ်တော်ကြီး

ဦးဘိုးသီး၏ပိဋကတ်တိုက်သည် ပညာရှာမှီးသူတို့အတွက် ပိဋကတ်တိုက်၏ စည်းမျဉ်းဥပဒေအရ လိုက်နာသူမှန်သမျှ ရဟန်းရှင်လူတို့သည် ထိုပိဋကတ်တိုက်ရှိ စာအုပ်စာတမ်း၊ ပေပုရပိုက်တို့ကို ငှားရမ်းကြည့်ရှုလေ့လာနိုင်ပါသည်။

မြန်မာမှုအနုပညာ
မြန်မာမင်းများ၏ မင်းမြောက်တန်ဆာငါးပါး အဆောင်အယောင်များ၊ စကြဝဠာ၊ နက္ခတ်တာရာများ ပိုးပုရပိုက်ဖြူပေါ်တွင် ဆေးရောင်စုံခြယ်ထား၍ ရွှေချမှန်ဗီရိုများ၌ တခမ်းတနားထားရှိသည်။ ထို့ပြင်ပုံနှိပ်စာအုပ်များ၊ ပေစာထုပ်များကိုလည်း ရွှေချမှန်ဗီရိုများ အတွင်း၌ တည်ခင်းထားသည်ကို ဦးဘိုးသီး၏ ပိဋကတ်တိုက်ကြီး၌တွေ့မြင်၊ ငှားရမ်း၊ ဖတ်ရှုနိုင်ပါသည်။ “ဤမျှအဖိုးတန်လှသော ပေစာမူများအပြင် ပုံနှိပ်စာအုပ် များစွာတို့သည် ပိဋကတ်သမိုင်း ပိဋကတ်သုံးပုံစာတမ်းလာ စာအုပ်စာရင်းအရ စုံနိုင်သမျှစုံအောင် စုဆောင်းထားသော ပိဋကတ်တိုက်သည် ဦးဘိုးသီးပိဋကတ်တိုက်ဖြစ်ပါသည်။ (လူဖေဝင်း၊ ဦး။ မြန်မာပိဋကတ်တိုက်များ၊ စာ- ၇၅) ထို့ပြင် ဦးဘိုးသီးပိဋကတ်တိုက်တွင် ကွယ်လွန်သူ မင်းတိုင်ပင်ဟောင်း၊ ဘုရင်ခံ၏ တိုင်ပင်ခံဟောင်း ဦးဘတူပိုင် ပေစာ၊ ပုရပိုက်မူ၊ ပုံနှိပ်မူများ ဗီရိုသုံးလုံးနီးပါးရှိကြောင်း သိရှိရပါသည်။

ကျမ်းညွှန်း။ မြန်မာနိုင်ငံပိဋကတ်တိုက်စာကြည့်တိုက်များ၊ အောင်ဇော်ထွတ်(စာကြည့်တိုက်ပညာ)၊ စာပေဗိမာန်၊ ပကြိမ်၊ ၂၀၀၁၊ စာ-၆၃-၇၀




Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply