သတိုးသီဟသူ၊ မြို့လပ်ဝန်၊ ကင်းဝန်၊ ယွန်းစုဝန်၊ အနောက်ဝင်းမှူး၊ နန္ဒကျော်၊ သမန္တရဲ* (သမ္တနရဲ) တို့တစုက ငစည့်ကူးစားဟောင်း လင်မယား သားအမိတစုနှင့် ငါဘဏ္ဍာတော် အောင်ပန်း လှေတက် ဆင်မြင်းများကို မလစ်မဟင်းစေရ သိမ်းရုံး၍ ငါ့ကျေးဇူး သစ္စာတော်ကို မခံမသောက်ရသေးသော်လည်း ငါဘုန်းတော် အာဏာတော် အမိန့်တော် အရိပ်အသံကို ကြားနာရလျှင်ပင် ကျေးဇူးသစ္စာတော်ကို ခံသောက်ရသည့် ကျွန်များကဲ့သို့ သိမ်းရုံးဘမ်းယူခဲ့ကြောင်း၊ ငထွန်း ငတုတ်ကြီး ငကျင်တို့ ထွက်ပြေးရာ အမြောက်ဝန်ကို ခန့်ထား လိုက်စေကြောင်းများနှင့် ရွှေဘဝါးတော်အောက် ရှိခိုးသံတော်ဦးတင် ရောက်သည်မှာ အမှုတော် ပြေကုန်သည်ပင် ဖြစ်သည်၊ အရေးအရာကိုလည်း အထူးအထွေ ထင်မှတ်ကြရမည်မဟုတ်၊ ငါ့ခမည်းတော် အလောင်းမင်းတရားကြီး အဝထီးနန်း ပျက်စီးသည်နောက် ပြည်ရွာတည်ထောင် ပြုစု၍ ထီးနန်းကို စိုးအုပ်တော်မူသည်၊ ခမည်းတော်ဘုရား နတ်ရွာစံတော်မူလျှင် နောင်တော်အကြီး ခမည်းတော်အရာကို ထီးနန်းဆက်ခံတော်မူသည်၊ ငါနောင်တော်အကြီး နတ်ရွာစံတော်မူလျှင် ငါနောင်တော်အလတ် ဆင်ဖြူရှင် နန်းစံ၍ ထီးနန်းကို စိုးအုပ်ပြန်သည်၊ ငါ့နောင်တော်အလတ် နတ်ရွာစံပြန်လျှင် (ဆက်ခံစိုးအုပ်သော) စည့်ကူးစားဟောင်းသည် ငါနောင်တော် အရိုက်အရာကို တရားသဖြင့် ထိမ်းသိမ်း စိုးအုပ်ခြင်းကိုမပြု၊ လူကြီး (သူကြီးအမတ်) ပညာရှိတို့ စကားကို မနာမယူ။ လူသိမ်လူငယ် လူဆိုး လူသွမ်းတို့ စကားကိုသာ ပေါင်းဘက်နာယူ၍ မင်းကျင့်တရား (ဆယ်ပါးနှင့်မညီ) လူဆိုးလူသွမ်းကျင့်သာ ကျင့်သော်လည်း သတ္တဝါအပေါင်းတို့ ကံကြောင့်သာ ဖြစ်သည် တရားကိုယူ၍ စည်းစိမ်ကို မယူမသိမ်းသင့်၊ ကံနှင့်လျှော်စွာ ဖြစ်ပျက်၍ နန်းတော်မှ ထွက်သွားကင်းလွတ်လျှင် ငါထီးနန်း စိုးအုပ်ထိုက်သူ ရှိလျှက် ငမောင်ငယ်သည် ငါ့ကိုမျှ အားမနာ မထာက်မချင့် ရာရာသသူ လူဆိုးလူသွမ်းတို့နှင့် ထီးနန်းကို ခိုးယူသိမ်းရုံးပြန်လျှင်လည်း တရားနှင့် လျှော်ညီအောင် မကျင်မဆောင် မသိမ်းမရုံး ပစ္စုပ္ပန်သံသရာရေးကို မထောက် ပြည်သူပြည်သားတို့ကို မငြိမ်မဝပ်အောင် ပြုကျင့်ပြန်သောကြောင့် သတ္တဝါအပေါင်းတို့ကို တရားသဖြင့် သိမ်းရုံး၍ ထီးနန်းကို စိုးအုပ်သိမ်းမြန်းတော် မူပြန်ရသည်၊ စည့်ကူးစားဟောင်း ထွက်ပြေး၍ အရေးမကုန် ကျန်သည်ကိုလည်း သတိုးသီဟသူ၊ မြို့လပ်ကင်းဝန်တို့နှင့် မှူးမတ်တစုတို့ အရေးကုန်အောင် သိမ်းရုံးဆောင်ယူခဲ့လေပြီးသည်၊ မင်းညီမင်းသား မှူးတော်မတ်တော်တစုတို့မှာ စိတ်နှလုံး အထူးအထွေ ထင်မြင်ခွင့် မရှိကြပြီ၊ ပြည်ရွာသာယာငြိမ်ဝပ်အောင် ရွက်ဆောင်စီရင်ကြရမည် အမှုသာ ဖြစ်သည်။ သတိုးသီဟသူ မြို့လပ်ဝန်တို့ တစုက ငစည့်ကူးစား မိသားတစုကိုသာ ငါရွှေဘဝါးတော်အောက် အလျှင်ဆောင်ယူခဲ့ရမည့် အကြောင်းကို ဝန်တို့က မှာထား၍ ကြိုဆိုဆောင်ယူစေ၊ ဇော်တသိင်္ခ၊ ရန္တမိတ်စည်သူတို့ ၂ယောက်ကိုလည်း လှေလူတော် သင့်အောင်ပေး၍ တိုက်စေ။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၃ရက်နေ့ (ဆင်တဲ ၄၁)
ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၇-၂၁၈
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 217-218
Discover more from Burma Data
Subscribe to get the latest posts sent to your email.
