စစ်တကောင်းစား တင်ချက်
သက္ကရာဇ် ၁၁၅၁-ခု၊ နတ်တော်လဆန်း၊ ၁၂-ရက်နေ့ [၂၉ နိုဝင်ဘာ ၁၇၈၉] ရခိုင်ရူစားချက် ကျွန်တော်ကို ကုသိနာရုံအရပ်သို့ အကြည့်အရှုသွားရမည်ခန့်ထား၍ တော်သလင်းလပြည့်ကျော်၊ ၈-ရက်နေ့ ရခိုင်မြို့ က ထွက်သွားပါသည်၊ မရူသို့ရောက်လျှင် မိုး, ရေ, လေပြင်းထန်သောကြောင့် မရူတွင် ၁၀-ရက်ကျော် ခိုမှီးနေပြီးလျှင် ထွက်သွား၍ ဦးချာဆိပ်မှာ လှေကို ဆိုက်ထား တက်သွားလျှင် သီတင်းကျွတ်လပြည့်ကျော် ၄-ရက်နေ့မှ စစ်တကောင်းမြို့ သို့ ရောက်ပါသည်၊ စစ်တကောင်းဆိပ်စားသို့ မှာထားသည့်စာကို ပေးအပ်ပြသပါသည်၊ စစ်တကောင်းစားက “စာအရကို ကုမ္ပဏီထံ အစီရင်ခံစေလွှတ် ပြန်ရောက်အောင် ငံ့နေပါဦး” ဆို၍ စစ်တကောင်းစားက ဘင်္ဂလားသို့ စေလွှတ်ပါသည်၊ စေလွှတ်သူတို့က ဘင်္ဂလားကုမ္ပဏီစာပို့ရောက်မှ “ကျွန်တော်တို့ကို လိုရာ ကုသိနာရုံအရပ်သို့ ကြည့်ရှုပါစေ” အခွင့်ပေး၍ လမ်းပြညွှန်လူ စစ်တကောင်းစားဆရာ ရခိုင်ဘုန်းကြီး ထည့်အပ်ပြီးလျှင် သီတင်းကျွတ်လပြည့်ကျော်၊ ၁၂-ရက်နေ့ ကုသိနာရုံ ခေါ်ဝေါ်သည့် အရပ်ဌာနသို့ အကြည့်အရှု သွားရပါသည်၊ ကြည့်ရှုပြီးလျှင် မှတ်ချက် သားချက်များနှင့် စစ်တကောင်းစားဆရာ ခေါ်သွားရာ လိုက်လံကြည့်ရှု၍ ၁၀-ရက် ခန့်ကြာသည်၊ စစ်တကောင်းစားမှာ “ကုသိနာရုံ ခေါ်ဝေါ်သည့်အရပ်ကို ကြည့်ရှုရပါပြီ၊ ပြန်သွားပါတော့မည်” ဆိုသည်တွင် စစ်တကောင်းစားက နတ်တော်လဆန်း၊ ၁-ရက်နေ့ စက္ကူစာ ပေးအပ်၍ ပြန်လာခဲ့လျှင် ၎င်းလဆန်း၊ ၁၁-ရက်နေ့ ရခိုင်မြို့သို့ ဆိုက်ရောက်ပါသည်၊ ကျွန်တော်တို့ စေခန့်၍ ကြည့်ရှု မှတ်သားခဲ့သမျှ အရပ်ဌာန အကွာအဝေး ပုံစံများကို တင်ဆက်ပါသည်အတိုင်း မဟုတ်မမှန်လျှင် ရာဇဝတ်တော်ကို ခံပါမည်၊ ခံဝန်ချက်နှင့် ဘုရားကျွန်တော် ရူစား စစ်မေးထွက်ဆိုချက်ဘုရား။
စစ်တကောင်းမြို့က ကြည်းကြောင်း တောင်ကြီး, ကမ်းကြီး, မြောင်းကြီး မဆီးမတား တောင်ငယ် ကမ်းငယ်, ချောင်းငယ်, မြောင်းငယ် လမ်းအထင်အရှား သွားလျှင် လက်ဝဲ, လက်ျာ ကျေးရွာအဆက်ဆက်နှင့် တစ်ရက်ပြင်းပြင်း သွား၍ မီးတွင်း ခေါ်ဝေါ်သည့် အရပ်အနီး ရွာ ၁-ရွာသို့ ရောက်ပါသည်၊ စစ်တကောင်းမြို့က မီးတွင်းအရပ်သည် မြောက်မတည့်လွန်း အနောက်ယွန်း ရှိပါမည်၊ ၎င်းမီးတွင်းကို ကြောက်ဂူသတ်၍ ရှိပါသည်၊ ကျောက်ဂူမှာ လူဝင်ပေါက်တစ်ပေါက်သာ တောင်က ရှိပါသည်၊ ကျောက်ဂူအတွင်းမှာ ရေနှင့် မီးလျှံထွက်သည်၊ တွင်းအဝ ၅-တောင်ကျော်၊ စောက် ၆-တောင်ကျော် ရှိပါသည်၊ ၎င်းတွင်းမှာ ပူဇော်ကန်တော့ရောက်သမျှ လူတို့ ရေသနုတ်နှင့် တွင်းမှာ ဆင်း၍ ရေချိုး ရသည်၊ ဦးခေါင်း ဆေးရသည်၊ မသန့်မစင်သူဖြစ်လျှင် ရေပေါ်တွင် အလျှံမြင်သည်၊ မီးလျှံသည် မသန့်မစင်သူကို မီးလျှံစွဲသည်၊ မီး၏ အရှိန်အဝါလည်း ပျောက်သည်၊ တွင်းဂူစောင့် ကုလားတို့သည် လက်အုပ်ချီလျက် ဟိန်တုတ်ကုလားတို့ဘာသာ ပူဇော်ကန်တော့ပြီးမှ မီးလျှံ အဝါ ပေါ်လာပြန်ပါသည်၊ သန့်စင်သူဖြစ်လျှင် မီးအလျှံနှင့်ရေကိုပင် ချိုးသော်လည်း မပူမနွေး ပကတိ ရှိပါသည်၊ မီးလျှံကို အခြားမီးစာများနှင့် ညှိလျှင် စွဲညိကြောင်းများကို စစ်တကောင်းစားဆရာ ရခိုင်ဘုန်းကြီး ပြောပါသည်။ ၎င်းဂူအနီးအပါး ၂-တာ ၃-တာ ခြား အနောက်က ဂူ-၁ ရှိပါသည်၊ မြောက်က ကျောက်ဂူ -၁၊ ကျောက်ဂူ-၂ မှာ မီးတွင်း၊ အနောက်ကျောက်ဂူမှာ ဗုံ, လင်းကွင်း, ခရာ တီးမှုတ်သူ အစောင့်သားတို့နေ၍ နေ့, ညမဆို အလိုရှိရာ တီးမှုတ်ကြသည်၊ ကျွန်တော်တို့ ရောက်သည်တွင်လည်း တီးမှုတ်ကြသည်၊ မီးတွင်း မြောက်ကျောက်ဂူမှာ ဇော်ဂီကုလားတို့ နေပါသည်၊ သင်္ကြန် ဝါကျွတ်အခါဖြစ်လျှင် ဇော်ဂီ, ဟိန်တုတ်ကုလား, ပုဏ္ဏား, မြန်မာကြီး ဆိုသူတို့ အခြားက လာရောက်ပူဇော်ကြသည် စစ်တကောင်းစားဆရာ ပြောပါသည်၊ ပသီကုလားမျိုးက ပူဇော်ကန်တော့ မရှိ၊ တစ်စုံ တစ်ယောက်လာသော်လည်း အဝင် အပူဇော်မခံ၊ ပြင်လွင်ကသာ နေရသည်၊ ဇော်ဂီတို့လည်း ဟိန်တုတ်ကုလား၊ ပုဏ္ဏားအမျိုးကသာ ဖြစ်ကြောင်းတို့ကို စစ်တကောင်းစားဆရာက ပြောပါသည်၊ ဂူ ၃-လုံး အစောင့်အနေ အတီးအမှုတ် ဇော်ဂီတို့ကိုလည်း ငွေဒင်္ဂါး ကြွေးပေးကမ်း၍ ကြည့်ရှု မှတ်သားပြီးလျှင် ကျွန်တော်တို့သည် အိပ်သည့်ရွာသို့ ပြန်ပါသည်။
၎င်းရွာက မြောက်သို့ လမ်းအထင်အရှား ကျေးရွာ လက်ဝဲ, လက်ျာ အနီးအပါးနှင့် ၁-တိုင်ကျော်သွားလျှင် ဈေးနှင့် ရွာ ၁-ရွာတွင် စခန်းချ၍ နံနက်မှ ရွာအရှေ့တာ ၅၀၀-ခန့် သွားလျှင် ဦးတော်ဆေး ခေါ်ဝေါ်သည့် ရေကန်ကို တွေ့ပါသည်၊ ရေကန်မှာ ရေသနုတ်နှင့် ရေချိုး၍ ဦးခေါင်းဆေးပြီးလျှင် အဝတ်ပုဆိုး လဲလှယ်ပြီးမှ ဟိန်တုတ်ဘုရားကို ထောပတ်ဆီဥများနှင့် ဆီမီး ထွန်းညှိ ပူဇော်ပြီးလျှင် ရေကန်ရိုးပေါ်တွင် ကမ္ဘာ့သစ်မြစ် ခေါ်ဝေါ်သည့် သစ်ပင် ပလ္လင်အုတ်သတ်နှင့် ရှိသည်၊ သစ်ပင်ကို လက်ယာရစ် ၇-ပတ်လှည့်၍ ပူဇော်ရသည်၊ ပူဇော်ပြီးလျှင် စစ်တကောင်းစားဆရာက ကျွန်တော်တို့ကို သီလပေး၍ တရားဟောသည်ကို နာရပါသည်၊ ပြီးလျှင် အရှေ့တောင်ကမ်းက စီးလာသည့် ချောင်းငယ် ၁-ခုကို ဆန်သွားရပါသည်၊ တာ ၅၀၀-ခန့်တွင် ချောင်းငယ် ၂-ခွ ရှိသည်မှာ စောင်းတန်း လှေကားလမ်း အထင်အရှားနှင့် တွေ့မြင်သည်ကို တက်သွားလျှင် စောင်းတန်းလက်ဝဲဘက်က ဝါးတစ်တာခြားခန့်တွင် ကျောက်ကြားက မီးအလျှံငယ်ထွက်လျက် ၂-ရပ်ရှိသည်၊ မီးလျှံကို ထောပတ် ဆီဥများနှင့် ပူဇော်သွန်းလောင်းလျှင် ရှိမြဲ မီးလျှံတွင် တိုးပွား၍ မီးလျှံဖြစ်ပါသည်။
၎င်းအရပ်က စောင်းတန်းလှေကား တက်သွားပြန်လျှင် တောင်ခင်ရိုးပေါ်မှာ ရှေးက ကျောက်ဂူမရှိ၊ မီးလျှံသာ ရှိသည်ကို နောက်မှ ကျောက်အုတ်နှင့်စီလုပ်၍ အရှေ့အနောက် တာ-၂၀ ခန့်၊ တောင်, မြောက် တာ-၁၀ ခန့် ရှိသည်မှာ လက်ဝဲ, လက်ျာ ၄- မျက်နှာ ဂူငယ်အများ တည်လုပ်၍ ရှိပါသည်၊ ဂူငယ်အတွင်းများမှာ မှတ်သားလောက်အောင် အရုပ်အမြင် မရှိပါ၊ ဂူငယ်ဝန်းရံသည့် အလယ်မှာ ဂူကြီး ၁-လုံး ရှိသည်၊ ဂူကြီးအတွင်းကို ဂူစောင့်ဆရာကြီး မရှိခိုက်ဖြစ်၍ ကျွန်တော်တို့ ဝင်၍မကြည့်ရပါ၊ ဂူတွင်းရှိနေသည့် ဇော်ဂီကုလားတို့မှာ အဝတ်, ပုဆိုး မဝတ်သူလည်း ရှိပါသည်၊ ဆံပင်ကို ကြိုးလျှော် များနှင့် ရစ်ထားသူလည်း ရှိပါသည်၊ ပုတီးကြီးများကို လည်မှာဆွဲသူလည်း ရှိပါသည်၊ ၎င်းဂူကြီးအထဲမှာ ကျောက်ကြားက မီးလျှံ ၁-ပွင့်ရှိကြောင်းကို စစ်တကောင်းစား ဆရာပြောပါသည်၊ ဗုံ, လင်းကွင်း တီးမှုတ်သူတို့လည်း ဇရပ် ၁-ခုနှင့် ရှိနေပါသည်၊ ဂူအရှေ့ ဝါးတာခြားခန့်တွင် တလုပ်စကားပင် လုံးပတ် ၅-တောင်ခန့် ရှိပါသည်၊ ၎င်းအပင်ကိုလည်း ကုလားတို့မှာ အင်ကြင်းပင်ခေါ် ဝေါ်လျက် ယခုရှိပါသည်၊ ၎င်းဂူငယ် ဝန်းရံလျက် ဂူကြီးတည်လုပ်၍ မီးလျှံထွက်သည့်အရာကိုပင် ဘုရားသခင် ပရိနိဗ္ဗာန်စံယူတော်မူရာ သင်္ချိုင်းတော်ဖြစ်သည်၊ ရှေးကဖြစ်လျှင် အင်ကြင်းပင်ခေါ်ဝေါ်သည့် သစ်ပင်လည်း အများရှိသည်၊ စစ်တကောင်းစားဆရာ ပြောပါသည်၊ ပရိနိဗ္ဗာန် စံတော်မူရင်းအရပ်ကို နတ်တို့ဝှက်ထား၍ မတွေ့မမြင်ပြီဟု စစ်တကောင်းစား ဆရာက ပြောပါသည်၊ ၎င်းဂူက အရှေ့သို့ တောင်ခင်ရိုးကိုလျှောက်၍ သွားလျှင် တာ-၁၀၀ ခန့်တွင် အရှေ့တောင်ကြီးက စီးထွက်သည့် စမ်းရေကို တွေ့ပါသည်။
၎င်းစမ်းရေက နားနေပြီးမှ တောင်ကြီးကို တက်သွားလျှင် တောင်ပေါ်တွင် ကျောက်ဂူ ၁-ခု ရှိသည်၊ ကျောက်ဂူသည် ဓာတ်တော်ကို ဒေါနပုဏ္ဏား ဝေသည့်ကာလ ပုဆိုးမှာဝှက်ထားသည့်စွယ်တော်ကို နဂါးတို့ ခိုးယူသည်တွင် တွင်းဖြစ်၍ ကျောက်ဂူ လုပ်ထားသည် စစ်တကောင်းစားဆရာ ပြောပါသည်၊ ဂူလယ်မှာ တွင်းငယ် ၁-ခု ရှိပါသည်၊ ၎င်းအရပ်တွင်လည်း စစ်တကောင်းစားဆရာ သီလပေး၍ သီတင်းသီလ ခံရပါသည်၊ ၎င်းဂူငယ်နှင့်တောင်သည် ၎င်းအရပ်တွင် တောင်ကြီးတောင်မြင့် ဖြစ်ပါသည်၊ တောင်ပေါ်က အရှေ့သို့ကြည့်လျှင် မျက်စိတဆုံး တောင်ငယ်ကမ်းငယ်မြင်သည်က အလွန်တွင် တောင်စဉ် တောင်တန်းကြီးမြင့်စွာကို မြင်ရပါသည်၊ တောင်ကို ကြည့်လျှင် စစ်တကောင်းအရပ်ကို ရမ်းရော်မြင်သည်၊ ပင်လယ်ကိုလည်း မြင်ပါသည်၊ အနောက်ကို ကြည့်လျှင် တောင်ကမ်းမမြင် ချိုင့်ဝှမ်းစွာ ကုလားတို့ကျေးရွာ ချောင်းမြောင်းများကို မြင်ပါသည်၊ မြောက်ကိုကြည့်လျှင် တောင်နှင့်စပ်ယှက်ကာ တောင်များစွာကို မြင်ပါသည်။
၎င်းတောင်ပေါ်က အရှေ့သို့ ဆင်းသွားလျှင် ၃၀၀-ခန့်တွင် တောင်စက်ကျ စမ်းရေရှိပါသည်၊ ဇီဝကဆေးသမားသည် ဘုရားသခင် ဝမ်းတော်နာကို ဆေးပေးမည် ဆေးကြိတ်သည့်အရပ်ဆို၍ စစ်တကောင်းစားဆရာ ပြသည်၊ ဆေးကျောက်ပျဉ် အခင်း ၅-တောင်ခန့် ကျောက်ပျဉ်သဏ္ဌာန် ပီစွာ ရှိသည်၊ ကျောက်ပျဉ်ပေါ်တွင် ကျောက်လုံးကြီးလည်း လုံးပတ် ၅-တောင် ကျောက် ၁-လုံး၊ လုံးပတ် ၃-တောင်ခန့် ကျောက် ၁-လုံး တင်လျက် ရှိပါသည်၊ ၎င်းကျောက်ပျဉ်ပေါ်တွင် အမှုန့်များကို စု၍ယူပြီး အနာမျိုးကိုပင် ပေးသော်လည်း ကင်းလွတ်သည်ဟု စစ်တကောင်းစားဆရာပြောသည်၊ ၎င်းအရပ်က လာရင်းလမ်းကိုပြန်ခဲ့လျှင် နေဝင်မှ စခန်းချရာ ရွာသို့ ရောက်ပါသည်၊ ၎င်းရွာက တစ်မိုးသောက်၍ မြောက်သို့ လမ်းအထင်အရှားနှင့် သွားလျှင် ၁-တိုင်ခန့်တွင် တောင် ၂-ဘက်ညှပ်လျက် တောင်စက်ကျ စမ်းရေချောင်းငယ် ၁-ခုကို တွေ့၍ ချောင်းညာသို့ ဆက်တက်လျှင် လက်ယာဘက်က ရေကန် ၁-ခု ရှိပါသည်။ ၎င်းရေကန်နှင့်အနီးတွင် ကျောက်ဂူငယ် ၁-ခု ရှိပါသည်၊ ကျောက်ဂူထဲမှာ ရေငံထွက်သည့် စမ်းရေတွင်းအနားက မီးလျှံငယ် ၁-ခု ရှိပါသည်၊ ၎င်းတွင် ရေနံကိုလည်း ချိုးရသည်၊ ဦးခေါင်းဆေးရသည်၊ ၎င်းဂူက လာရင်းချောင်းငယ်ကို ဆင်း၍ ချောင်းညာသို့သွားလျှင် များမဝေးတွင် ချောင်းအလယ်မှာ ကျွန်းငယ် ၁-ခုနှင့် ရေငံအိုင် ၁-ခု ရှိပါသည်၊ ရေငံအိုင်ငယ်မှာ ရေပွက်ထလျက် ရှိသည်၊ အစဉ်မပြတ်လည်း ရေပွက်ထသည် စစ်တကောင်းစားဆရာ ပြောပါသည်၊ ၎င်းချောင်းညာသို့ ဆန်သွားပြန်လျှင် တာ ၂၀၀-ခန့်တွင် ချောင်းလက်ဝဲဘက်က ကျောက်ဂူငယ် ၁-ခုနှင့် ရေနံတွင်းငယ် ၁-ခု ရှိပါသည်၊ ၎င်းချောင်းညာသို့ ဆန်သွားပြန်လျှင် တာ ၁၀၀-ခန့်တွင် ချောင်းအဖျားကုန်၍ တောင်ကြီးခါးပန်းက ရေတံခွန်ထွက်သည့် ရေတံခွန်သည် ဘုရားသခင် ပရိနိဗ္ဗာန် စံယူတော်မူသည့်ကာလ သိကြား, ဗြဟ္မာ, နတ်တကာတို့ အနဝတတ်အိုင်က ရေကိုယူ၍ ဘုရားသခင်အလောင်းတော်မှာ သပ္ပါယ်ရန် ပို့ဆောင်သည့်ရေဖြစ်ကြောင်းကို စစ်တကောင်းစားဆရာ ပြောပါသည်၊ ၎င်းက လာရင်းချောင်းကို စုန်၍ ပြန်လာသည်တွင် လက်ဝဲဘက်က ချောင်းငယ် ၁-ခု ရှိသည်၊ ချောင်းညာသို့ ဆန်သွားလျှင် များမဝေးတွင် ကျောက်ကြီးမရှိ၊ ကျောက်ငယ်, ကျောက်သေးနှင့် ရေမရှိ၊ မြေစိုစိုမှာ အမြှုပ်ထလျက် မြေတစ်ဖျာရာခန့် ရှိသည်၊ မြေစို အမြှုပ်ထွက်ရာကို မီးခဲ ရဲရဲနှင့် တို့လျှင် ယမ်းကို မီးကျသကဲ့သို့ ရှိပါသည်ကို ပါဝါပြည်နှင့် ကုသိနာရုံ တွေ့မြင်ပြီးလျှင် ကြည့်ရှုမှတ်သားရန် မရှိပြီ စစ်တကောင်းစား ဆရာဆို၍ ရွာသို့ ပြန်လာပါသည်။ ကျွန်တော် အစစ်ခံသည့်- ပဌမ မီးရေ၊ ဒုတိယ ကျောက်ကြားကထွက်သည့် မီး ၂-ပွင့်၊ တတိယ ရေငံနှင့်မီး ၁-ပွင့် မြေစိုကို မီးနှင့်တို့လျှင် ယမ်းတွင် မီးကျသကဲ့သို့ ရှိသည်၊ အရပ်ဒေသဌာနများသည် ဘုရားသခင် ပရိနိဗ္ဗာန် စံယူတော်မူသည်ကာလ လူ, နတ်, နဂါး, သိကြား, ဗြဟ္မာတို့ ဘုရားသခင်အလောင်းတော်ကို မီးပူဇော်မည် ညှိထားပြင်ဆင်သည့် အရပ်ဒေသ ဌာနအများပင် ရှေးကရှိသည်တွင် ရှေးက မထင်မရှား ဘုန်းတန်ခိုးနည်းသူတို့ အရပ်ဌာနများမှာ မီးလျှံ မီးဝါ ကွဲကြသည်၊ ဘုန်းတန်ခိုးရှိသူတို့ အရပ်ဌာနများမှာ မကွယ် မပျောက် မီးလျှံ မီးဝါ ရှိသည်ကို ဟိန်တုတ် ကုလား, ပုဏ္ဏား, ဇော်ဂီတို့ ကျောက်ဂူများနှင့် တည်ထားကိုးကွယ် ပူဇော်ကန်တော့ကြောင်းများကို စစ်တကောင်းစားဆရာ ပြောပါသည်။
ကျွန်တော် အစစ်ခံသည့် တောင်စဉ် တောင်တန်းက အနောက်တပြင် များမဝေးတွင် ဥယျာဉ် ပန်းမာလ်, ရေကန်, ရေတွင်းနှင့် ယခုတိုင် သာယာစွာရှိသည့်အရပ်ကိုလည်း မလ္လာမင်းတို့ နေခင်းမြို့, ရွာ, ဌာန ဖြစ်ကြောင်းကို စစ်တကောင်းစားဆရာ ပြောပါသည်။
ကျမ်းညွှန်း – အမေးတော်ဖြေ၊ သာသနာရေးဦးစီးဌာန၊ ပကြိမ်၊ ၂၀၀၇၊ စာ-၃၃၃-၃၃၇
Discover more from Burma Data
Subscribe to get the latest posts sent to your email.
