ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၊ ရဲဘော်သုံးကျိပ်ဝင်

A black and white portrait of a middle-aged man with short hair, dressed in traditional attire, alongside a modern, colored photograph of the same man with a neutral expression.
ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၊ ရဲဘော်သုံးကျိပ်ဝင်။ ဓာတ်ပုံ- Htay Aung Facebook

မင်းလှလေယာဉ်ကွင်းကို ရဲဘော်သုံးဦးထဲနဲ့ သိမ်းယူခဲ့သူ ဆိုပြီး ပို့စ်လေးတစ်ခု တက်လာလို့ ဖတ်ကြည့်တော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဘုန်းမြင့်ရဲ့ အကြောင်း ဖြစ်နေတယ်။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဦးကျော်ငြိမ်း ရေးခဲ့တဲ့ ရဲဘော်သုံးကျိပ်စာအုပ်ထဲက ဟာကို ကူးပြီး အကျဉ်းချုံးထားတာ။ စာအုပ်ထဲကတောင် မဟုတ်လောက်ပါဘူး ဝီကီဟာကို ကူးပြီး အကျဉ်းချုံးထားတာ။ တကယ်တမ်း ဝီကီကဟာကလည်း စာအုပ်ထဲကဟာတွေ အကုန်ကူးချပြီး ရေးထည့်ထားကြတာများပါတယ်။ ထားပါတော့။

ကျွန်တော်တို့ဟာ ရဲဘော်သုံးကျိပ်ဆိုတဲ့ နာမည်ကို ကြားဖူးကြတယ်။ အဲဒီသုံးကျိပ်ထဲက အကုန်မဟုတ်တောင် ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ ဗိုလ်စကြာ စသည်ဖြင့် တချို့ သိရင် သိကြမယ်။ အကုန်သိတဲ့သူဆိုတာ အတော်နည်းတယ်။ သိတာကလည်း များသောအားဖြင့် ဦးကျော်ငြိမ်းရေးတဲ့ စာအုပ်ထဲက အကြောင်းအရာလောက်သာ သိကြတာ။ မသိတဲ့သူတွေလည်း အတော်များမယ်လို့ ထင်ပါတယ်။ ပြောချင်တာက ကျွန်တော်တို့ မြန်မာပြည်မှာ လူတွေရဲ့ ဆင့်ကဲဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ကြတာ နည်းပါးတယ်။ အဲဒီအတွက် ကျွန်တော်တို့ အသိတွေက အကန့်အသတ်ဖြစ်ကြရတယ်။ ပြီးရင် စာရေးသူ အတော်များများက အသစ်ထပ်ဖြည့်တာထက် အဟောင်းကနေ ဒီအတိုင်း ကူးကြတာပိုများတယ်။ နဲနဲပိုအားထည့်သူက တစ်အုပ်ထဲက မကူးဘဲ သုံးလေးငါးအုပ်က ကူးပေါ့။ အကုန်လုံးကို မဆိုလိုပေမယ့် တော်တော်များများက ဒီအတိုင်းပါပဲ။

လူတွေဟာ တသမတ်ထဲ ကောင်း/ဆိုး တွက်လို့ မရပါဘူး။ သူတို့မှတ်တမ်းဟာ တနေရာထဲက အကောင်း/အဆိုး အကြောင်း မဟုတ်ဘဲ ကွယ်လွန်ချိန်အထိ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို သုံးသပ်ပြီးမှ ကောက်ချက်ချရင် ပိုမှန်လိမ့်မယ် ထင်ပါတယ်။ တချို့သူတွေဟာ ဘာရာထူးအာဏာမှ မရသေးခင်မှာ ကောင်းပင်ကောင်းလျက်နဲ့ ရာထူးအာဏာတွေ ရပြီးချိန်မှာ ပြောင်းလဲသွားတာတွေ ရပ်တည်ချက် ယိုင်နဲ့ ပြိုလဲသွားတာတွေ ရှိတယ်။ တချို့တွေလည်း မပြောင်းမလဲ မယိမ်းမယိုင်နဲ့ ကောင်းမွန်တဲ့ စာရိတ္တကို ဖက်တွယ်သွားနိုင်ကြတယ်။ တချို့တွေဟာ မထင်မရှားနဲ့ သမိုင်းစာမျက်နှာထက်က ပျောက်ကွယ်သွားကြတယ်။ တချို့တွေဟာ သားစဉ်မြေးဆက် စားမကုန်တဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဖန်တီးခဲ့ကြတယ်။ တချို့တွေရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေဟာ ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါတွေကို မှတ်တမ်းထပ်တင်ကြရင် ထပ်တင်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

ဗိုလ်ဘုန်းမြင့်ရဲ့ ရဲဘော်သုံးကျိပ်ဘဝ အကြောင်းကတော့ ရိုက်ရှာလိုက်တာနဲ့ တွေ့နိုင်တာမို့ ပြောစရာအထူး မရှိပါဘူး။ ရဲဘော်သုံးကျိပ်ဘဝနောက်ပိုင်း ဘာတွေ ဆက်ဖြစ်သလဲ သိချင်စိတ်ဖြစ်လာလို့ ရှာကြည့်တဲ့အခါ ဗမာပြည်အလုပ်သမားလယ်သမားပါတီ သာယာဝတီခရိုင် အတွင်းရေးမှူး၊ ပထမအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် အုတ်ဖိုမဲဆန္ဒနယ်အမတ်၊ ဒုတိယအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ပမညတ အမတ်လောင်း(မိုးညို) စတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တာ တွေ့ရတယ်။ ဒါနဲ့ ဆက်ရှာကြည့်တော့ ဗိုလ်ဘုန်းမြင့်ရဲ့ မြေးတစ်ဦး နာရေးကို သွားတွေ့တယ်။ အဲဒီကနေ ဘယ်စာအုပ်မှာမှ မပါသေးတဲ့ ဗိုလ်ဘုန်းမြင့်ရဲ့ မိသားစုမှတ်တမ်း အချက်အလက်အချို့ကို ဖြည့်စွက်လာနိုင်ပါတယ်။ ဦးအောင်ဇော်ဝင်း Facebook အကောင့်ပိုင်ရှင်က သူစုဆောင်းထားတဲ့ ဗိုလ်ဘုန်းမြင့်ရဲ့ နာရေးမှတ်တမ်းလေး ပို့ပေးလို့ သူတို့မိသားစုဝင်တွေစာရင်း သိလာရသလို ဗိုလ်ဘုန်းမြင့်ရဲ့ ဆွေမျိုးသားချင်းတစ်ဦးက အဲဒီမိသားစုစာရင်းကို ဖြည့်စွက် အတည်ပြုပေးတာကြောင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး ရဲ့ မိသားစုစာရင်းကို တော်တော်ပြည့်ပြည့်စုံစုံလေး သိလာရပါတယ်။ မောင်စိုးထိုက်(သုံးဆယ်) ရေးတဲ့ သာယာဝတီဒေသမှ ထင်ပေါ်ကျော်ကြားအထင်ကရပုဂ္ဂိုလ်များ စာအုပ်ထဲ ဗိုလ်ဘုန်းမြင့်အကြောင်း ပါတယ်လို့ သိရပေမယ့် အဲ့စာအုပ်က မြန်မာပြည် သေတ္တာထဲမှာမို့ အလွယ်တကူ မရနိုင်သေးတာကြောင့် လက်ရှိသိသမျှကိုပဲ ဖြည့်စွက်ထားလိုက်ပါတယ်။ ဦးကျော်ငြိမ်း စာအုပ်ထဲပါတဲ့ ဗိုလ်ဘုန်းမြင့် ငယ်စဉ်ကပုံအပြင် တခြားပုံ ရှိဦးမလား ရှာဖွေကြည့်တဲ့အခါ ဦးဌေးအောင်ဆိုသူက ဗိုလ်ဘုန်းမြင့်ကို ကျေးဇူးတင်စကားဆိုရင်း တင်ထားတာလေးတွေ့လို့ ခွင့်တောင်းမလို့ ကြည့်တဲ့အခါ ၂၀၂၂ က ကွယ်လွန်သွားခဲ့တာကို တွေ့ရတဲ့အတွက် ခွင့်မတောင်းနိုင်ခဲ့ပါ။

A text document in the Burmese language featuring information about a person named MR Cliffort Smith, including biographical details and achievements.
ဗိုလ်ဘုန်းမြင့်မြေး ကိုစိုးသူရ၏ နာရေးမှတ်တမ်း

ဒီနာရေးမှတ်တမ်းတွေမှာ တွေ့ရတဲ့ မိသားစုစာရင်းဟာ ဗိုလ်ဘုန်းမြင့် ဘယ်လိုလူလဲ ဆိုတာကို အများကြီး မီးမောင်းထိုးပြနိုင်ပါတယ်။ သူ့မျိုးဆက်တွေထဲ လက်ရှိကာလအထိ ကိုယ်ကျိုးရှာ အမြတ်ထုတ် ခရိုနီ၊ နိုင်ငံကိုဒုက္ခပေးသူ တစ်ယောက်မှ မတွေ့ရတာမို့ ဗိုလ်ဘုန်းမြင့်ဟာ ရဲဘော်သုံးကျိပ်ဝင်တွေထဲက ကိုယ်ကျိုးမဖက် နိုင်ငံ့အကျိုးသက်သက် လုပ်ခဲ့သူတစ်ဦးလို့ ပြောရင် မှားမယ် မထင်ပါဘူး။

A printed page of text in Myanmar language, featuring a title and various written content related to education or a specific topic.
ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၏ နာရေးမှတ်တမ်း

ဗိုလ်ဘုန်းမြင့် (ရဲဘော်သုံးကျိပ်)

သခင်အမည်။ သခင်တင်အေး
ဂျပန်အမည် ။ Chinda Seiji
အဘအမည် ။ ဦးဘ
အမိအမည် ။ ဒေါ်ရွှေခဲ
မွေးသက္ကရာဇ် ။ ၃.၁.၁၉၂၀
မွေးရပ် ။ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံရွာ
ပညာအရည်အချင်း ။ န၀မတန်းအောင်
နိုင်ငံရေး။ ဗမာပြည်အလုပ်သမားလယ်သမားပါတီ သာယာဝတီခရိုင် အတွင်းရေးမှူး၊ ပထမအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် အုတ်ဖိုမဲဆန္ဒနယ် အမတ်၊ ဒုတိယအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပမညတ အမတ်လောင်း(မိုးညို)
ဘွဲထူးဂုဏ်ထူးများ။ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်)
ကွယ်လွန် ။ ၁၉၈၉ ခုနှစ် ဇူလိုင် ( ၂၈ )ရက်နေ့ ၊ လက်ပံတန်းမြို့
ဇနီးအမည်။ ဒေါ်ခင်ညွန့်

သားသမီးများ (၇) ဦး

  • ​(၁) သမီး ဒေါ်ခင်ဝင်းကြည်(ကွယ်လွန်)+ ဦးလှစိန်
  • (၂) သမီး ဒေါ်ခင်ခင်ညို (ပန်းကန်စက်-၂၊ သာယာဝတီ) + ဦးကြီးမြင့် (ဘ.ဓ.ရ)
  • (၃) သား ဦးအောင်ကျော်မြင့်(ကွယ်လွန်) + ဒေါ်တင်တင်မွှေး
  • (၄) သား ဦးခင်မောင်ချို (S.A.E)(ကွယ်လွန်) – ဒေါ်သန်းဌေးအောင်(ကွယ်လွန်)
  • (၅) သမီး ဒေါ်ခင်ခင်အေး (ဘ.ဓ.ရ)+ ဦးမြတ်ထွဋ် (ဘ.ဓ.ရ)(ကွယ်လွန်)
  • (၆) သား ဗိုလ်ကြီးမောင်မောင်မြင့်(ငြိမ်း)(ရေလုပ်ငန်း) – ဒေါ်ဖြူဖြူဝင်း(ကျောင်းဆရာမငြိမ်း)
  • (၇) သမီး ဒေါ်ခင်ဌေးကြွယ် + ဒုတိယဗိုလ်မှူးကြီးတင်မောင်အေး(ရေ/ငြိမ်း)

မြေးများ (မြေးစာရင်း ပြည့်စုံမှုမရှိသေးပါ)

  • ဒေါ်အေးသန်းခိုင်/အေးသာ-Mr. Cliffort Smith,
  • ဒေါ်သင်းသင်းလှိုင်/ငြိမ်းသာ-ဦးဌေးအောင်၊
  • ဦးကျော်လွင်-ဒေါ်ညိုရွှေရည်ဦး၊
  • ဒေါ်ခင်ဝေခိုင်-ဦးကိုကိုအောင်ထွဋ်၊
  • ဦးစိုးသူရ/စည်သူ၊ ကွယ်လွန်-ဒေါ်သင်းသင်းကြူ၊
  • ဒေါ်နှင်းနုခိုင်-တပ်ကြပ်ကြီးမျိုးသီဟ(လေ)

ကိုးကား

  • ဗိုလ်ဘုန်းမြင့် နာရေးမှတ်တမ်း
  • ကိုစိုးသူရ နာရေးမှတ်တမ်း
  • ဆွေမျိုးမိတ်ဆွေအချို့ ပြောပြချက်

မှတ်ချက်။ အမြဲမပြတ် ဖြည့်စွက် ပြင်ဆင်နေရသော စာအမျိုးအစား ဖြစ်သောကြောင့် နောင်တွင် အချက်အလက် မှားယွင်းချင်းမျိုး မဖြစ်စေရန် မိမိတို့ စာမျက်နှာများတွင် ကူးယူ၍ တဆင့်ပြန်တင်ချင်းမျိုး မပြုကြပါရန် မေတ္တာရပ်ခံပါသည်။


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply