
အထက်အောက် အဖြူရောင်ဝတ်စုံတွေနဲ့ လူထောင်ပေါင်းများစွာဟာ လမ်းတလျောက် တရွေ့ရွေ့သွားလာနေကြတယ်။ အဲဒီလူတွေထဲ ဒေသခံတိုင်းရင်းသားတွေပါသလို အင်္ဂလိပ်စစ်သားတွေ၊ ပန်ချာဘီစစ်သည်တွေ၊ ရှေးနန်းတွင်းအဆောင်အယောင်နဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပါပဲ။ တချို့တွေကလည်း မင်းခမ်းတော်ဝင်ပစ္စည်းတွေကို သယ်ပိုးလာကြတယ်။ တချို့တွေက သေနတ်တွေကိုထမ်းထားတယ်။ တချို့တွေက အမြောက်ကို ဆွဲနေကြတယ်။ တချို့တွေက ယာဉ်ရထားတစ်စင်းကို ကြိုးနဲ့ ဆွဲ သယ်ဆောင်နေကြတယ်။ အဲဒီယာဉ်ရထားပေါ်က ခေါင်းတလားထဲမှာ လဲလျောင်းအိပ်စက်ရင်း လိုက်ပါလာခဲ့ရသူကတော့ ကွယ်လွန်သူ ၈၇ ဆက်မြောက် (အချို့နေရာမှာ ၁၀၄ ဆက်မြောက် လို့လည်းတွေ့ရ) သီပေါစော်ဘွားကြီး စဝ်အုံကြာပဲ ဖြစ်ပါတယ်။
၁၉၃၈ ခုနှစ်၊ ဇူလိုင်လမှာ သီပေါဟော်နန်းကြီးနဲ့ သီပေါမြေတစ်ခုလုံးဟာ ပူဆွေးဝမ်းနည်းရိပ်တွေနဲ့ လွှမ်းမိုးနေပါတယ်။ နာတာရှည်ရောဂါကို အလူးအလဲခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့တဲ့ ပြည်သူချစ်တဲ့ သီပေါစော်ဘွားကြီး စဝ်အုံကြာရဲ့ နောက်ဆုံးခရီး မှတ်တမ်းဗီဒီယိုဟာ ရှမ်းရိုးရာ တော်ဝင်ထုံးတမ်းစဉ်လာတွေ၊ ဗြိတိသျှကိုလိုနီခေတ် အငွေ့အသက်တွေနဲ့ ဖရီးမေဆင်ညီနောင်တွေရဲ့ သံယောဇဉ်ကို တပြိုင်နက်တည်း တွေ့မြင်ရတဲ့ သမိုင်းဝင် တကယ့်ကို အဖိုးတန်လှတဲ့ မြင်ကွင်း တစ်ခုပါပဲ။ စော်ဘွားကြီးရဲ့ ရုပ်အလောင်းတော်ကို ရှေးဟောင်းရှမ်းရိုးရာ တော်ဝင်အတီးအမှုတ်တွေ၊ ဆိုင်းဝိုင်းတွေနဲ့ သီပေါဟော်နန်းကြီးပေါ်ကနေ စတင်ပင့်ဆောင်လာခဲ့ကြပါတယ်။ ဗီဒီယိုမှတ်တမ်းထဲမှာ စော်ဘွားကြီးရဲ့ တော်ဝင်ဂူဗိမာန်ဆီကို ဦးတည်ရွေ့လျားနေတဲ့ စီတန်း လှည့်လည်ပွဲကြီးဟာ အရမ်းကို ခမ်းနားထည်ဝါလှပါတယ်။ လမ်းဘေးဝဲယာ တစ်လျှောက်လုံးမှာလည်း သီပေါပြည်နယ်တင်မကဘဲ ရှမ်းပြည်အနှံ့အပြားကနေ ရိုးရာဝတ်စုံအပြည့်အစုံ ဝတ်ဆင်လာကြတဲ့ တိုင်းရင်းသားပြည်သူလူထု ထောင်ပေါင်းများစွာဟာ စော်ဘွားကြီးကို နောက်ဆုံးအကြိမ် ဂါရဝပြုဖို့အတွက် တိုးဝှေ့ပြီး ငိုငိုရယ်ရယ်နဲ့ စောင့်ကြိုနေခဲ့ကြပါတယ်။ လူပင်လယ်ကြီးသဖွယ် များပြားလှတဲ့ ဒီမြင်ကွင်းကို ကြည့်ရုံနဲ့တင် စဝ်အုံကြာအပေါ် ပြည်သူတွေ ဘယ်လောက်အထိ ချစ်ခင်မြတ်နိုးခဲ့ကြတယ်ဆိုတာ အထင်အရှား သိသာစေပါတယ်။ဒါ့အပြင် အခမ်းအနားကို ပိုပြီးခန့်ညားသွားစေတာကတော့ စစ်ဝတ်စုံအပြည့်အစုံနဲ့ ဘွဲ့တံဆိပ်တွေ တပ်ဆင်ထားတဲ့ ဗြိတိသျှ အရာရှိကြီးတွေနဲ့ ကိုလိုနီခေတ် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ စစ်ရေးပြပုံစံအတိုင်း စနစ်တကျ လိုက်ပါပို့ဆောင်ခဲ့ကြပြီး၊ စစ်သားတွေကလည်း သေနတ်တွေကို ကိုင်ဆောင်ကာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ တော်ဝင်စော်ဘွားကြီးတစ်ဦးအတွက် အမြင့်ဆုံးသော စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုခြင်းနဲ့ အလေးပြု နှုတ်ဆက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားရဲ့ ထူးခြားလှတဲ့ နောက်ထပ်မြင်ကွင်းတစ်ခုကတော့ ဗြိတိသျှနဲ့ မြန်မာနိုင်ငံသား ဖရီးမေဆင် (Freemason) ညီအစ်ကိုတော်တွေ စုပေါင်းပြီး လိုက်ပါလာကြတာ ဖြစ်ပါတယ်။ သူတို့ဟာ အဖွဲ့အစည်းရဲ့ ရိုးရာဝတ်စုံတွေနဲ့ အထိမ်းအမှတ် တံဆိပ်အဆင်တန်ဆာတွေကို ဝတ်ဆင်ပြီး၊ အင်္ဂလန် ဝိုင်စလိုင်လောဂျ် (Wineslai Lodge) နဲ့ မြန်မာနိုင်ငံက လောဂျ်အသီးသီးကနေ ဆင်းသက်လာတဲ့ မေဆင်ညီနောင်ချင်း သစ္စာတရားကို ပြသတဲ့အနေနဲ့ ရုပ်အလောင်းတော် နောက်ကနေ လေးလေးနက်နက် လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ် ကျောင်းသားဟောင်းလည်းဖြစ်၊ ဖရီးမေဆင်အဖွဲ့ရဲ့ အလေးအမြတ်ထားရတဲ့ လူးဝစ် (Lewis) အသင်းဝင်တစ်ဦးလည်းဖြစ်တဲ့ စဝ်အုံကြာအတွက် သူတို့က ကမ္ဘာလုံးဆိုင်ရာ ညီနောင်တွေရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း ဂါရဝကို ပေးအပ်ခဲ့ကြတာပါ။အမွှေးနံ့သာ မီးခိုးငွေ့တွေ ထောင်းထောင်းထနေတဲ့ကြား၊ ရှမ်းဗုံရှည်သံတွေနဲ့ တော်ဝင်ကြေးစည်သံတွေ တညံညံကြားထဲမှာ စဝ်အုံကြာရဲ့ ရုပ်ကလာပ်တော်ကို သီပေါစော်ဘွား အဆက်ဆက်တို့ ကိန်းဝပ်ရာ တော်ဝင်အုတ်ဂူဗိမာန်ဆီကို ဘေးရန်ကင်းကွာစွာနဲ့ ပင့်ဆောင် မြှုပ်နှံသင်္ဂြိုဟ် နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းဗီဒီယိုဟာ ရှမ်းပဒေသရာဇ်ခေတ်ရဲ့ အဆုံးသတ်ကာလတစ်ခုမှာ နိုင်ငံတကာအဆင့်မီ ပညာတတ် စော်ဘွားကောင်း တစ်ယောက်ကို အရှေ့တိုင်းနဲ့ အနောက်တိုင်း ယဉ်ကျေးမှုနှစ်ခုစလုံးက နောက်ဆုံးအနေနဲ့ သမိုင်းဝင် တလေးတစား ပူးပေါင်းနှုတ်ဆက်ခဲ့ကြတဲ့ အလွန်တရာ ဂုဏ်သိက္ခာကြီးမားပြီး ရင်ထဲမှာ စိတ်မကောင်းဖြစ်ရတဲ့ မြင်ကွင်းတစ်ခုအဖြစ် သမိုင်းတွင် ကျန်ရစ်နေပါတော့တယ်။
စဝ်အုံကြာကို သီပေါစော်ဘွားကြီး ဆာဘွဲ့ရ စဝ်ချယ်နဲ့ မဟာဒေဝီစဝ်အုံ (ကျေးသီး-မံစံစော်ဘွားကြီး စဝ်ခွန်ဆန်နဲ့ မိုင်းကိုင်စော်ဘွားသမီး စဝ်နန်းယဉ်တို့ရဲ့သမီး) တို့ကနေ ၁၈၉၃ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ (စဝ်အုံကြာမိခင်မူကွဲကိုကြည့်ရန်) စဝ်အုံကြာမှာ အရင်းအချာလို့ ပြောရမယ့် အဖေတူ အမေကွဲနှမ သုံးယောက်ရှိပြီး စဝ်ကြာညွန့်က ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက်အင်ထလိုင်းရဲ့ သားတော်၊ ၄၁ ဆက်မြောက် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွမ်းတိုင်ရဲ့ မဟာဒေဝီ ဖြစ်လာတယ်။ စဝ်ဥမ္မာက ဦးငြိမ်း၏သား ဝမ်းကွဲအကိုတော်စပ်တဲ့ ဦးဘဌေးနဲ့ အကြောင်းပါတယ်။ စဝ်မာလာ/စဝ်သီရိမာလာက မြောက်သိန္နီစော်ဘွား စဝ်ဟုန်ဖရဲ့ ကြင်ယာတော်ဖြစ်လာတယ်။
စဝ်အုံကြာဟာ အထက်တန်းပညာကို နာမည်ကြီး ရပ်ဂ်ဘီကျောင်းမှာ တက်ရောက် သင်ကြားခဲ့တယ်။ တက္ကသိုလ်ပညာကိုတော့ အောက်စဖို့ဒ်တက္ကသိုလ် (Oxford University) ဘရေ့စ်နို့စ်ကောလိပ် (Brasenose College) မှာ တက်ရောက်သင်ကြားခဲ့ပြီး စိုက်ပျိုးရေးပညာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ (MA) ရရှိခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာတော့ အင်္ဂလန်ကနေ သီပေါကို ပြန်လာခဲ့ပြီး ခမည်းတော် စော်ဘွားကြီး ဆာစဝ်ချယ်ရဲ့ တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စရပ်တွေကို ကူညီ လုပ်ကိုင်ပေးခဲ့တယ်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ ဦးလေးတော် စဝ်လူးနဲ့ မန္တလေးက သူဌေး ဦးဘေရဲ့သမီး ခင်ပိတောက်က မွေးဖွားသူ နှမဝမ်းကွဲ တော်စပ်တဲ့ စဝ်သုနန္ဒာနဲ့ လက်ထပ်ခဲ့ကြတယ်။ ၁၉၂၈ မှာတော့ သီပေါစော်ဘွားကြီး အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။

မိဖုရား၊ ကြင်ယာတော်၊ ကိုယ်လုပ်တော်၊ ဇနီး များကြတဲ့ ပဒေသရာဇ် စော်ဘွားကြီးတွေထဲ စဝ်အုံကြာ တစ်ယောက်ကတော့ ထူးခြားတဲ့ စော်ဘွားတစ်ဦးလို့လည်း မှတ်တမ်းတင်ရဦးမှာပါ။ သူ့မှာ မဟာဒေဝီ မိဖုရား စဝ်သုနန္ဒာ တစ်ပါးထဲသာ ရှိခဲ့ပြီး အဲဒီ မဟာဒေဝီ မိဖုရားက သူ့ကို စွန့်ခွာလို့ အခြားသူနဲ့ ထွက်ပြေးသွားတာတောင် ကွယ်လွန်ချိန်အထိ နောက်ထပ် အိမ်ထောင်မပြုခဲ့ပါဘူး။ ဒါတင်မက နောက်ပိုင်းမှာ အဲဒီမဟာဒေဝီကို အပြစ်တွေခွင့်လွှတ်လို့ ဟော်နန်းမှာ ပြန်နေထိုင်ခွင့် ပြုခဲ့ပါသေးတယ်။ အချစ်ရေးကံမကောင်းခဲ့တဲ့ စဝ်အုံကြာဟာ အဆုတ်နာရောဂါဝေဒနာကို ကာလရှည်ခံစားခဲ့ရပြီး ၁၉၃၈ ဇူလိုင်လထဲမှာ ကွယ်လွန်သွားခဲ့ရတယ်။ ထီးမွေနန်းမွေခံ မျိုးဆက်ရင်း မကျန်တာကြောင့် သီပေါစော်ဘွားအရာကို ညီအစ်ကိုဝမ်းကွဲ တော်စပ်တဲ့ စဝ်ကြာဆိုင်ကိုပဲ စော်ဘွားအရာ ဆက်ခံစေခဲ့ပါတယ်။
ကိုလိုနီခေတ် ရှမ်းပြည်မှာ တောင်ကြီးလော့ဂျ် Taunggyi Lodge (4973) နဲ့ စော်ဘွားလော့ဂျ် Lodge of Sawbwas (5013) ဆိုပြီး ဖရီးမေဆင်အသင်းတော် Lodge နှစ်ခု ရှိခဲ့ပြီး စော်ဘွားတွေ မြို့စားတွေ ငွေခွန်မှူးတွေ အတော်များများ ဖရီးမေဆင် အသင်းဝင်တွေ ဖြစ်လာခဲ့တယ်။ စဝ်အုံကြာရဲ့ ခမည်းတော် သီပေါစော်ဘွားကြီး ဆာစောချယ်ကတော့ မေမြို့က Lodge Myole (2904) အသင်းဝင် ဖြစ်ပါတယ်။ စဝ်အုံကြာကတော့ အင်္ဂလန်မှာ ရှိနေစဉ်မှာ Wineslai Lodge (2435) မှာ အသင်းဝင် ဖြစ်ခဲ့တာပါ။ စဝ်အုံကြာရဲ့ မဟာဒေဝီ စဝ်သုနန္ဒာရဲ့ နှမနဲ့ ရသူ ကျိုင်းတုံစော်ဘွားကြီးရဲ့သားတော် စဝ်ခွန်မိုင်း ကလည်း Wineslai Lodge (2435) ရဲ့ အသင်းဝင်တစ်ဦးပါပဲ။ အင်္ဂလန် Wineslai Lodge ရဲ့ Foundation Stone ကို ၁၉၂၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ စဝ်အုံကြာ မအားလပ်တဲ့အတွက် သူ့ကိုယ်စား စဝ်ခွန်မိုင်းက ချပေးခဲ့ရပြီး၊ တောင်ကြီးက စော်ဘွားလော့ဂျ် အဆောက်အဦးရဲ့ Foundation Stone ကိုတော့ စဝ်အုံကြာကိုယ်တိုင် ၁၉၃၇ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ချပေးခဲ့တာတွေ့ရတယ်။ အင်္ဂလန်နိုင်ငံ Wineslai Lodge ရဲ့ အဆင့်မြင့်အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ PPSGD W.BRO NORMAN HIDE ပြန်ပြောင်းပြောပြတဲ့ စဝ်အုံကြာရဲ့ ဖရီးမေဆင်အသင်းဝင် ဘဝနဲ့ တစိတ်တဒေသဟာ အထူး စိတ်ဝင်စားဖို့ ကောင်းသလို သမိုင်းဝင်မှတ်တမ်းတစ်ခုလည်း ဖြစ်တာမို့ ဘာသာပြန် မှတ်တမ်းတင်ထားလိုက်ပါတယ်။
အောက်ပါ အကြောင်းအရာကို PPSGD W.BRO NORMAN HIDE မှ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် Lodge မှတ်တမ်းများနှင့် အခြားသော မိတ်ဆွေရင်းများထံမှ ရရှိသော အချက်အလက်များဖြင့် ရေးသားခဲ့ပါတယ်။
Norman Hide BEM
15 Keach Close
Winslow
Buckinghamshire
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်
ဒီနေ့မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြင့်မြတ်ရာ အထက်ဘုံနန်းကို ထွက်ခွာသွားခဲ့ပြီးဖြစ်တဲ့ ညီအစ်ကိုတော် တစ်ဦးအကြောင်း ပြောပြလိုပါတယ်။ ၎င်းညီအစ်ကိုတော်ရဲ့ ကျေးဇူးတွေက Wineslai Lodge အပေါ်မှာ များစွာ ရှိနေပါတယ်။ သူ့ရဲ့အမည်ကတော့ စဝ်အုံကြာ ဖြစ်ပြီး ဗမာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်က အိမ်ရှေ့မင်းသား တစ်ပါး ဖြစ်ပါတယ်။ သူကို ၁၈၉၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဗမာနိုင်ငံ (ယခု မြန်မာဟု သိကြသော) မြောက်ပိုင်း ရှမ်းပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ သီပေါမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ သီပေါစော်ဘွားကြီး စဝ်ချယ်ရဲ့ သားအကြီးဆုံး ဖြစ်ပြီး ၁၉၂၈ ခုနှစ်မှာ စော်ဘွားအဖြစ် ထီးနန်းအရိုက်အရာ ဆက်ခံခဲ့ကာ ၁၉၃၈ ခုနှစ် ကွယ်လွန်ချိန်အထိ အုပ်ချုပ်ခဲ့ပါတယ်။ သူဟာ ၁၉၂၂ ခုနှစ်မှာ တဝမ်းကွဲနှမ တော်စပ်သူ မင်းသမီး စဝ်သုနန္ဒာနဲ့ လက်ထပ်ခဲ့တယ်။ စဝ်အုံကြာဟာ Rugby School မှာ ပညာသင်ကြားခဲ့ပြီးနောက် Oxford တက္ကသိုလ် Brasenose College ကို တက်ရောက်ခဲ့ပါတယ်။ သူဟာ ၁၉၁၇ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ BA ဘွဲ့ကို ရရှိခဲ့ပြီး ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ MA ဘွဲ့ကို ရရှိခဲ့ပါတယ်။ သူဟာ ကန့် (Kent) မှာရှိတဲ့ Wye Agriculture College ကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ (ဗြိတိန်မှာ စဝ်အုံကြာ ပညာသင်ကြားစဉ်က လန်ဒန်မြို့ ၅၃ မာလ်ဘိုရိုဟေးလ်မှ ဆာဂျိမ်းစ်စကော့ ကေစီအိုင်အီး (Sir James Scott KCIE – Knight Commander of the Indian Empire) က သူ့ရဲ့ အုပ်ထိန်းသူအဖြစ် တာဝန်ခံခဲ့)။
၁၉၁၈ ခုနှစ် ဇန်နဝါရီလ
Swanbourne, Bucks မှ အသက် ၂၃ နှစ်အရွယ် စဝ်အုံကြာဟာ (သူဟာ Vicarage တွင် နေထိုင်ခဲ့တာလို့ ကျွန်တော် သိနားလည်ထားပါတယ်) W. Bro FF Vaisy PPGC ရဲ့ ထောက်ခံချက်နဲ့ Lodge မှာ တညီတညွတ်တည်း အတည်ပြုခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အရေးပေါ် အခြေအနေတစ်ရပ် အနေနဲ့ နည်းဥပဒေ အမှတ် ၅ ကို ကင်းလွတ်ခွင့်ပြုပြီး လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ မင်းသား စဝ်အုံကြာဟာ Lewis (သူ့ ခမည်းတော် စဝ်ချယ်ဟာ ၁၉၀၃ ခုနှစ်မှာ မေမြို့ရှိ Lodge Moyale အမှတ် ၂၉၀၄ သို့ ဝင်ရောက်ခဲ့သူ) ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သူကတော့ ၁၉၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ W. Bro Vaisey မှတဆင့် Wineslai Lodge သို့ စတင်ဝင်ရောက်ခဲ့ပါတယ်။
၁၉၁၉ ခုနှစ် အောက်တိုဘာလ ၂၇ ရက်
ဒီအစည်းအဝေးမှာ W. Bro Saunderson က ညီအစ်ကိုတော်တွေကို အမှာစကားအကျဉ်း ပြောကြားခဲ့ပြီး အသင်းအဖွဲ့အလံတော် (Banner) ကို ပေးအပ်ခဲ့ပါတယ်။ သူ့ရဲ့ အမှာစကားအစမှာ သူ့အနေနဲ့ စဝ်အုံကြာရဲ့ ဒုတိယအရာရှိ (Deputy) ကိုယ်စားလှယ်တော် (Representative) အနေနဲ့ ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ယူကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ဒီလို ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်မွန် ပေးဖို့ ညီအစ်ကိုတော် စဝ်အုံကြာ ဘယ်လို စိတ်ကူးအကြံ ရရှိလာခဲ့ပုံတွေနဲ့ ၎င်းကိုယ်တိုင် လာရောက် မလှူဒါန်းနိုင်ရခြင်း အကြောင်းရင်းတွေကို ဆက်လက် ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပန်းထိုးထားတဲ့ အလံတော်ကို ဖွင့်လှစ်ပြသစဉ်မှာပဲ Wineslai Lodge မှ ညီအစ်ကိုတော်တွေ အနေနဲ့ လှူဒါန်းသူ၏ ဆန္ဒအတိုင်း လက်ခံပေးဖို့ကို တောင်းဆိုခဲ့ပါတယ်။ လှူဒါန်းသူဟာ ဒီအလံတော်ကို Warrant (အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပြုမိန့် ညွှန်ကြားလွှာ) လိုပဲ စင်ကြယ်သန့်ရှင်းပြီး အညစ်အကြေး ကင်းကင်းနဲ့ နောင်လာနောက်သား မျိုးဆက်များထံ လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ရန် စိတ်ရင်းမှန်နဲ့ မျှော်လင့်ထားကြောင်းနဲ့ မိမိတို့ လောဂျ်အဖွဲ့အစည်းရဲ့ စင်ကြယ်မှု၊ ဂုဏ်သိက္ခာနဲ့ သစ္စာသမာဓိတို့ရဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ဒီအလံတော်ဟာ လုံးဝ ဟောင်းနွမ်း ပျက်စီးသွားသည့်တိုင်အောင် တည်ရှိနေမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အတွင်းရေးမှူး (Bro Secretary) က အသင်းတော်ဓမ္မဆရာ (Chaplain) အား ဒီအလံတော်ကို လောဂျ်ရဲ့ အသုံးအဆောင်အဖြစ်နဲ့ ကောင်းချီးပေးအပ် (သိဒ္ဓိတင်) ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ အမှာစကား အဆုံးသတ်မှာတော့ ညီအစ်ကိုတော် စဝ်အုံကြာရဲ့ ဒီလှူဒါန်းမှုဟာ မိမိရဲ့ မိခင်လောဂျ် (Mother Lodge) အပေါ် ထားရှိတဲ့ စစ်မှန်တဲ့မေတ္တာရဲ့ အစပျိုးမှုပဲဖြစ်ပြီး၊ နောင်ကျရင် ဒီထက်မကတဲ့ မေတ္တာတရားတွေ ပိုမြင်ရလိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြောသွားပါတယ်။
မှတ်တမ်းတွေအရ စဝ်အုံကြာရဲ့ ဝမ်းကွဲညီမ မင်းသမီး စဝ်အုန်းညွန့် နဲ့ လက်ထပ်ခဲ့တဲ့ စောခွန်မုံ ဟာလည်း ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ ဝိုင်စလိုင်လောဂျ်ကို အသင်းဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင် ၉ ရက်မှာ တုန်းက စဝ်အုံကြာ မအားလပ်တာကြောင့် သူ့ကိုယ်စား လောဂျ်အဆောက်အအုံအတွက် အုတ်မြစ်ချကျောက်တုံး (Foundation Stone) ကို ချပေးခဲ့တယ်။ စိတ်ဝင်စားဖို့ကောင်းတာက စဝ်အုံကြာဟာ ၁၉၃၁ ခုနှစ် နိုဝင်ဘာလမှ ၁၉၃၂ ခုနှစ် ဇန်နဝါရီလအထိ လန်ဒန်မှာ ကျင်းပတဲ့ ‘မြန်မာ့စားပွဲဝိုင်းညီလာခံ’ ကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တာပါ။ သူ ကြိုးပမ်းခဲ့တဲ့အတွက် ဆုလာဘ်အနေနဲ့ (သူအလိုရှိခဲ့တဲ့အတိုင်း) ဖက်ဒရယ်ရှမ်းပြည်နယ်များကို မြန်မာနိုင်ငံ ဘုရင်ခံရဲ့ အာဏာစက်အောက်မှာ ထားရှိဖို့ ဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်ကို အတည်ပြု မှတ်တမ်းတင်ပေးခဲ့ပါတယ်။ စဝ်အုံကြာဟာ ၁၉၃၇ ခုနှစ်မှာ လန်ဒန်မြို့ကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခဲ့ပြီး အဲဒီနှစ် မေလ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ဆဋ္ဌမမြောက် ဂျော့ခ်ျဘုရင် (King George VI) ရဲ့ ဘိသိက်ခံပွဲ အခမ်းအနားမှာ ရှမ်းပြည်နယ်တွေကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့ပါတယ်။
လောဂျ်ထဲမှာရှိတဲ့ စော်ဘွားကြီးရဲ့ ဓာတ်ပုံကတော့ နာမည်ကြီး ပန်းချီဆရာ ဆာဂျရတ်ဖက်စတပ်ကယ်လီ (Sir Gerald Festus Kelly) ဆွဲပေးထားတဲ့ ပန်းချီကားကို ၁၉၃၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှာ Brassano & Vandyk (Society Portrait Photographers) ဓာတ်ပုံစတူဒီယိုကနေ ဖန်သားပလိတ် နဲ့ ပြန်ပြီး ကူးယူရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၇၄ ခုနှစ်မှာတော့ အဲဒီစတူဒီယိုကနေ ဒီဓာတ်ပုံကို National Portrait Gallery ကို လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲဒီ ဖန်သားပလိတ်တွေကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလိုက်တဲ့အချိန်ကျမှ ဒီဓာတ်ပုံကို ရခဲ့တာပါ။
၁၉၂၀ ခုနှစ် ဇန်နဝါရီလ မှာတုန်းက MASONIC MILLION MEMORIAL FUND (ဖရီမေဆင် သန်းချီအထိမ်းအမှတ် ရန်ပုံငွေ) ဆိုတဲ့ စီမံကိန်းတစ်ခု စတင်ခဲ့ပါတယ်။ အဲဒါကတော့ အသင်းဝင် တစ်ဦးချင်းစီ အနေနဲ့ အနည်းဆုံး ၁၀ ဂီနီ (၁၀.၅၀ ပေါင်) လှူဒါန်းရင် ငွေတံဆိပ်ဆု၊ ၁၀၀ ဂီနီ (၁၀၅ ပေါင်) နဲ့ အထက်လှူဒါန်းသူတွေကိုတော့ ရွှေတံဆိပ်ဆု ပေးဖို့ပါ။ ပြီးတော့ အသင်းဝင်တစ်ယောက်ချင်းစီရဲ့ ပျမ်းမျှအလှူငွေ ၁၀ ဂီနီ ပြည့်မှီတဲ့ လောဂျ်တွေကိုကျတော့ အဆောက်အအုံအသစ်မှာ “Hall Stone Lodge” အဖြစ် နာမည်ကမ္ပည်းထိုး မှတ်တမ်းတင်ပေးပြီး အဲဒီလောဂျ်ရဲ့ အကြီးအမှူး (Master) တွေဟာ အထူးလည်ဆွဲတံဆိပ် ဝတ်ဆင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လောဂျ်တစ်ခုချင်းစီရဲ့ ပျမ်းမျှလှူဒါန်းငွေ ၅၀၀ ဂီနီ (၅၂၅ ပေါင်) ပြည့်မှီတဲ့ ပြည်နယ် (Province) ဒါမှမဟုတ် ခရိုင် (District) အဆင့်တွေကိုလည်း အထိမ်းအမှတ်တံဆိပ် (Jewel) ချီးမြှင့်ခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီလိုအထူးတံဆိပ်မျိုးကို တစ်ကမ္ဘာလုံးမှာ သုံးခုပဲ ချီးမြှင့်ခဲ့ဖူးပြီး တစ်ခုကတော့ ဗြိတိန်က ဘာကင်ဟမ်ရှိုင်းယား (Buckinghamshire) ပြည်နယ်ဖြစ်ပြီး ကျန်တဲ့နှစ်ခုကတော့ ‘မြန်မာ’ (Burma) နဲ့ ‘ဂျပန်’ (Japan) ခရိုင်နှစ်ခုအတွက် ဖြစ်ပါတယ်။ အဆောက်အအုံသစ် ပြီးစီးသွားတဲ့အခါမှာလည်း လောဂျ်အခန်း သုံးခန်းကို သူတို့နာမည်တွေအတိုင်း မှည့်ခေါ်ခဲ့ပါတယ်။ အဲဒီတုန်းက စုစုပေါင်းရရှိတဲ့ အလှူငွေကတော့ ၁,၀၄၃,၇၈၇ ပေါင် (တစ်သန်းကျော်) တောင် ရှိခဲ့ပါတယ်။
အခု ဝိုင်စလိုင်လောဂျ် (Wineslai Lodge) ကို “Hall Stone Lodge” ဆိုတဲ့ ဂုဏ်ထူးဆောင်လောဂျ်အဆင့် ရအောင် စဝ်အုံကြာက ဘယ်လိုကူညီပေးခဲ့လဲဆိုတာ ပြောပြချင်ပါတယ်။
၁၉၂၂ ခုနှစ်၊ ဧပြီ ၂၆ ရက်
MASONIC MILLION MEMORIAL FUND ရန်ပုံငွေအကြောင်းကို ပထမဆုံး စတင် မှတ်တမ်းတင်ခဲ့တာကတော့ လောဂျ်ကို Hall Stone အဆင့်ဝင်ဖို့ တိုက်တွန်းတဲ့ ပီဂျီအမ် (P.G.M – Provincial Grand Master) ဆီက စာတစ်စောင် ရောက်လာချိန်မှာပါ။ အဲဒီတုန်းက ကော်မတီဟာ ဝိုင်စလိုင်လောဂျ် အနေနဲ့ Hall Stone Lodge ဖြစ်သင့်၊ မဖြစ်သင့်ကို ဘက်ပေါင်းစုံကနေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ လောဂျ်ရဲ့ ဘဏ္ဍာရေး အခြေအနေကို ထောက်ထားပြီး ဒီလိုလုပ်ဖို့ အဆင်မပြေသေးဘူးလို့ စိတ်မကောင်းစွာနဲ့ပဲ ဆုံးဖြတ်ခဲ့ကြတယ်။ ပီဂျီအမ် ပြောပြတဲ့ အခွင့်အရေးတွေကို ညီနောင်တွေအနေနဲ့ အလေးအနက် စဉ်းစားသင့်တာ မှန်ပေမယ့်လည်း လောဂျ်ရဲ့ ရန်ပုံငွေကို မလိုအပ်ဘဲ ကြိုတင်အာမခံ မသုံးစွဲချင်တာကြောင့် ဝိုင်စလိုင်လောဂျ်ကို Hall Stone အဆင့် မလျှောက်ဖို့ အားလုံးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
၁၉၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက် (မူရင်းစာတွင် စက်တင်ဘာ ၂၅ ဟု အထက်အောက် မှားနေသောကြောင့် ၂၃ ဟုပြင်ထား)
ပီဂျီအမ်က ဝေဖန်ကန့်ကွက်မှုတွေအပေါ် အသေးစိတ် ပြန်လည် ရှင်းလင်းပေးခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးဖို့နဲ့ ဖြစ်နိုင်ရင် Hall Stone Lodge အဆင့်ရအောင် အနည်းဆုံးတော့ ကြိုးစားကြည့်ပေးဖို့ ညီနောင်တွေကို ထပ်မံ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက် ၁၉၂၄ ဧပြီလ အစည်းအဝေးမှာ အကြိတ်အနယ် ထပ်မံဆွေးနွေးခဲ့ကြပြီး လာမယ့် စက်တင်ဘာ ၂၄ ရက် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ဖို့ သဘောတူခဲ့ကြပါတယ်။
၁၉၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်
W.Bro Saunderson က အရင်ချမှတ်ထားတဲ့ မလျှောက်ဖြစ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အားလုံးကို ပယ်ဖျက်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ မဲခွဲလိုက်တဲ့အခါမှာတော့ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ ကြားနေ ၄ မဲ ရရှိခဲ့ပါတယ်။
၁၉၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက် (မူရင်းစာတွင် စက်တင်ဘာ ၂၃ ဟု အထက်အောက် မှားနေသောကြောင့် ၂၅ ဟုပြင်ထား)
ဒီအစည်းအဝေးမှာတော့ ညီအစ်ကိုတော် စဝ်အုံကြာက ထူးခြားတဲ့ ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပါတယ်။ တကယ်လို့ လောဂျ်ထဲက ညီနောင်တွေအားလုံး စုပေါင်းပြီး Hall Stone ဖြစ်ဖို့ လိုအပ်နေတဲ့ ရန်ပုံငွေရဲ့ တစ်ဝက်ကို ရှာဖွေနိုင်မယ်ဆိုရင် ကျန်တဲ့တစ်ဝက်ကို သူကိုယ်တိုင် (ပွဲတော်ကျင်းပမည့် ကာလ) ၅ နှစ်အတွင်း ခွဲပြီး စိုက်ထုတ် လှူဒါန်းပေးမယ်လို့ ပြောလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်ဟာ လိုအပ်တဲ့ ရန်ပုံငွေရဲ့ တဝက်ကို လောဂျ်ဘက်က ပြည့်မီအောင် ရှာဖွေနိုင်မှသာ သူ့ဘက်ကလည်း ဖြစ်မှာမို့လို့ ညီနောင်တွေအားလုံး နောက်ဆုံးအဆင့်အနေနဲ့ ဝိုင်းဝန်းကြိုးစားပေးကြဖို့ သူက မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ ဒါကြောင့်မို့ လောဂျ်အကြီးအမှူး (WM) အပါအဝင် ညီနောင်တော်တော်များများက စဝ်အုံကြာရဲ့ ဒီလို ရက်ရောလှတဲ့ ကမ်းလှမ်းမှုအပေါ် အရမ်းကို ကျေးဇူးတင်ပြီး ချီးကျူး တန်ဖိုးထား လေးစားကြောင်း ပြောခဲ့ကြပါတယ်။
၁၉၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်
လောဂျ်မှာ အထွေထွေ အစည်းအဝေးတစ်ခု ကျင်းပပြီး ညီနောင်အားလုံးကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ အဲဒီမှာ အတွင်းရေးမှူးက စဝ်အုံကြာရဲ့ ရက်ရောတဲ့ ကမ်းလှမ်းမှုကို သေချာရှင်းပြခဲ့ပြီး နောက်ပိုင်းမှာ သူနဲ့အသေးစိတ် ထပ်မံဆွေးနွေးခဲ့ကြပါတယ်။ ဒီအလှူဟာ လောဂျ်က Hall Stone Lodge အဆင့် တကယ်ရမှ အထမြောက်မှာဖြစ်လို့ ညီနောင်တွေ ပိုပြီးအလှူငွေ ထည့်ဝင်ချင်စိတ် ရှိလာအောင် ရန်ပုံငွေ အခြေအနေကို အစည်းအဝေးတွေမှာ ခဏခဏ ကြေညာပေးဖို့ စော်ဘွားကြီးက အကြံပြုခဲ့ပါတယ်။ (ကျွန်တော့်အမြင်ပြောရရင်တော့ အဲဒီအကြံပြုချက်က တကယ်ပဲ အလုပ်ဖြစ်ခဲ့ပါတယ်)။
၁၉၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်
W.Bro Hooker ဟာ Rt W.P.G.M ရဲ့ အမိန့်နဲ့ (လောဂျ်အတွင်းရေးမှူးဖြစ်သူ) W.Bro Saunderson ကို အထိမ်းအမှတ်တံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ ဒါဟာ သူက ဒီသန်းချီအထိမ်းအမှတ် ရန်ပုံငွေအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းပေးခဲ့လို့ ပြည်နယ်အဆင့်ကနေ အသိအမှတ်ပြု ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
၁၉၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
၁၉၂၇ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ Royal Albert Hall မှာ ဂရိတ်ဗြိတိန်ရဲ့ Grand Master ကိုယ်တိုင် ဦးစီးကျင်းပမယ့် ‘Masonic Peace Memorial Building’ အဆောက်အအုံ အုတ်မြစ်ချပွဲ အခမ်းအနား အစီအစဉ်တွေကို စာသားအပြည့်အစုံ ဖတ်ကြားပြီး အတည်ပြုခဲ့ကြပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီအရာတွေအားလုံး သမိုင်းမှတ်တမ်း ဖြစ်သွားခဲ့ပါပြီ။ ဒီပွဲကို ဝန်းရံကူညီပေးခဲ့ကြတဲ့ အသင်းဝင်တွေအားလုံးဟာ အုတ်မြစ်ချပွဲ မတိုင်ခင်မှာပဲ သူတို့ရဲ့ ပွဲတော်အထိမ်းအမှတ် တံဆိပ်တွေကို အချိန်မီ ရရှိခဲ့ကြပါတယ်။
W.Bro B Saunderson ကနေ ညီအစ်ကိုတော် စဝ်အုံကြာထံကို ပေးပို့ခဲ့တဲ့ စာကိုလည်း ကြည့်လိုက်ပါဦး။ အောက်မှာ ကျွန်တော် ကွန်ပျူတာစာစီပြီး ပြန်ရိုက်ပေးထားပါတယ်။
ချစ်ခင်ရပါသော ညီအစ်ကိုတော် စဝ်အုံကြာခင်ဗျာ
မနေ့ညက ကျွန်တော်တို့ နှစ်ယောက် အတူတူတွက်ချက်ခဲ့တဲ့ စာရင်းဇယားတွေကို ကတိအတိုင်း ဝမ်းမြောက်ဝမ်းသာနဲ့ ပေးပို့လိုက်ပါတယ်။ စာရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (မူရင်းမှာ စာရင်းတွေက ရှုပ်ထွေးနေလို့ နားလည်လွယ်အောင် လုပ်ပေးထားပါတယ်)
- “Hall Stone Lodge” အတွက် သတ်မှတ်ထားတဲ့ အလှူငွေ ပမာဏ – ၅၆၁ ပေါင် ၁၅ သျှီလင် ၀ ပဲ
- အထိမ်းအမှတ်ပွဲမှာ လှူဒါန်းဖို့ ကတိပြုထားတဲ့ အလှူငွေ (ပွဲဖြစ်မြောက်ရေး တာဝန်ခံရဲ့ စာရင်းအရ) – ၂၆၂ ပေါင် ၁၅ သျှီလင်
- ထပ်ပြီးရနိုင်ခြေရှိတဲ့ ဂီနီ ၁၀၀ – ၅၂ ပေါင် ၁၀ သျှီလင်
- Lodge ဘက်က သေချာတဲ့ ငွေပမာဏ – ၃၁၅ ပေါင်
- လိုအပ်သော ပမာဏ – ၂၄၆ ပေါင် ၁၅ သျှီလင်
အခု လိုအပ်နေတဲ့ ၂၄၆ ပေါင် ၁၅ သျှီလင် ထဲကနေမှ တစ်ဝက်ဖြစ်တဲ့ ၁၂၃ ပေါင် ၇ သျှီလင် ၆ ပဲ ကို သတ်မှတ်ထားတဲ့ ကာလ (၅ နှစ်ဝန်းကျင်) အကုန်မှာ ညီနောင်က ကြင်နာစွာနဲ့ စိုက်ထုတ်လှူဒါန်းပေးမယ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ကျန်တဲ့တစ်ဝက်ကို လောဂျ်ထဲက အသင်းဝင်တွေဘက်ကနေ မဖြစ်မနေ ပြည့်မီအောင် ရှာဖွေ ထည့်ဝင်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ မူတည်နေပြီး၊ ကျွန်တော်တို့ ဝိုင်စလိုင်လောဂျ်အနေနဲ့ အရည်အချင်းပြည့်မီတဲ့ “Hall Stone Lodge” အဆင့် တကယ်ရရှိမှသာ ဒီကမ်းလှမ်းချက်က အတည်ဖြစ်မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ညီနောင်ရဲ့ ရက်ရောလှတဲ့ ဒီကမ်းလှမ်းချက်ကို ကျွန်တော် သေချာရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားတာ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဗြိတိန်ရဲ့ မဟာအကြီးအမှူး (M. W. Grand Master) အပေါ်မှာ ညီနောင်ထားရှိတဲ့ သစ္စာစောင့်သိမှုနဲ့ Provincial Grand Master ရဲ့ ဆန္ဒကို လေးစား တန်ဖိုးထားတဲ့ ညီနောင်ရဲ့ စိတ်ရင်းကို ကျွန်တော်ကိုယ်တိုင် ကောင်းကောင်းသိရှိထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ညီနောင်တချို့က အဆိုးမြင်ပြီး စိတ်ပျက်စရာ စကားတွေ ပြောနေကြပေမယ့်လည်း၊ ညီနောင်ရဲ့ ဒီကမ်းလှမ်းချက်ဟာ အကောင်းမြင်တဲ့ သူတွေအတွက် အောင်ပွဲရအောင် ကြိုးစားချင်စိတ်ကို ပိုပြီး တွန်းအားပေးလိုက်သလို ဖြစ်သွားမှာပါ။ ဘယ်လို အတားအဆီးတွေပဲရှိရှိ ဝိုင်စလိုင်လောဂျ်ကို Hall Stone Lodge ဖြစ်လာအောင် သူတို့ အစွမ်းကုန် ဝိုင်းဝန်း ကြိုးစားကြလိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော့်ကို ယုံကြည်ပေးပါ။
စိတ်ရင်းမှန်စွာဖြင့် ညီနောင်ချင်း လေးစားချစ်ခင်လျက်
ဘီဆောင်းဒါဆန် (B Saunderson)
ဆွမ်ဘန်း သာသနာပိုင်ကျောင်း (Swanbourne Vicarage) က ညီနောင် စဝ်အုံကြာ ထံသို့ ၁၉၃၈ ခုနှစ် နိုဝင်ဘာလထုတ် ကောလိပ်မဂ္ဂဇင်း The Brazen Nose တွင် ဖော်ပြခဲ့သော ဝမ်းနည်းမှတ်တမ်း
“မြောက်ပိုင်းရှမ်းပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ သီပေါပြည်နယ်ရဲ့ အုပ်ချုပ်သူ စော်ဘွားကြီး စဝ်အုံကြာဟာ ပထမကမ္ဘာစစ် မတိုင်ခင်လေးမှာပဲ ရပ်ဂ်ဘီကျောင်း (Rugby School) ကနေတစ်ဆင့် ကျွန်တော်တို့ ဘရေ့စ်နို့စ်ကောလိပ် (Brasenose College) ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့ကို သိကျွမ်းခဲ့တဲ့ သူတွေအပြင် သူ ဗြိတိန်ကို လာလည်တုန်းက တွေ့ဆုံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ် တော်တော်များများဟာ ဝေဒနာကို ရေရှည်ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ သူကွယ်လွန်သွားခဲ့ပြီ ဆိုတဲ့ သတင်းကို ကြားရတဲ့အခါ အရမ်းကို စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။
သီပေါပြည်နယ်ဟာ ရှမ်းပြည်နယ်တွေထဲမှာ အကြီးဆုံး မဟုတ်ပေမယ့် စတုရန်းမိုင် ၅,၀၀၀ ကျော် ကျယ်ဝန်းပြီး စော်ဘွားကြီးဟာ ဘရေ့စ်နို့စ်ကောလိပ် ကျောင်းသားဟောင်းတွေထဲမှာ ‘အချုပ်အခြာအာဏာပိုင်’ (Sovereign) ဘွဲ့အမည်ကို ခံယူထားတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ ပညာရေးကို အင်္ဂလန်မှာပဲ အချိန်အကြာကြီး သင်ယူခဲ့ပေမယ့်လည်း သူ့ရဲ့ ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာတွေ ပျောက်ပျက်သွားတာမျိုး (အနောက်တိုင်းဆန်သွားတာမျိုး) လုံးဝမရှိခဲ့ပါဘူး။ သူဟာ သူ့ရဲ့ ပြည်သူလူထု သာယာဝပြောရေးအတွက် အမြဲတမ်း စိတ်အာရုံ စိုက်ခဲ့ပြီး အုပ်ချုပ်သူတစ်ယောက်အနေနဲ့ သူ့ရဲ့ တာဝန်ဝတ္တရားတွေကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ၁၉၁၉ ခုနှစ်မှာ သီပေါကို ပြန်လာခဲ့ပြီး ၁၉၂၈ ခုနှစ်မှာ စော်ဘွားအဖြစ် ထီးနန်းမဆက်ခံခင်အထိ သူ့ခမည်းတော်ရဲ့ တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စရပ်တွေမှာ ဝိုင်းဝန်း ကူညီပေးခဲ့ပါတယ်။ ၁၉၃၁ ခုနှစ် အကုန်ပိုင်းမှာတော့ လန်ဒန်မြို့မှာ ကျင်းပတဲ့ ‘မြန်မာ့စားပွဲဝိုင်းညီလာခံ’ ကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး၊ သူ ကြိုးပမ်းခဲ့တဲ့အတွက် ဆုလာဘ်အနေနဲ့ (သူဆန္ဒရှိခဲ့တဲ့အတိုင်း) ဖက်ဒရယ် ရှမ်းပြည်နယ်များကို မြန်မာနိုင်ငံဘုရင်ခံရဲ့ တိုက်ရိုက် အာဏာအောက်မှာ ထားရှိဖို့ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ကို အတည်ပြုပေးခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာလည်း ဆဋ္ဌမမြောက် ဂျော့ခ်ျဘုရင်ရဲ့ ဘိသိက်ခံပွဲ အခမ်းအနားမှာ ရှမ်းပြည်နယ်တွေကို ကိုယ်စားပြုဖို့အတွက် ဗြိတိန်ကို ဒုတိယအကြိမ် ထပ်မံလာရောက်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ကောလိပ်က မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရာမှာ သူ့ရဲ့ ဟန်ဆောင်မှုမရှိတဲ့ ဆွဲဆောင်မှုရှိပုံနဲ့ နှိမ့်ချတတ်တဲ့ စိတ်နေစိတ်ထားကြောင့် အားလုံးက သဘောကျခဲ့ကြပါတယ်။ ဒါ့အပြင် သူက ကောလိပ်ကျောင်းအုပ်ကြီးဆီ ဓာတ်ပုံတွေ ကြိုတင်ပေးပို့ထားတဲ့ ၁၉၂၈ ခုနှစ်က သူ့ရဲ့ ကိုယ်ပိုင်စော်ဘွားဘိသိက်ခံပွဲ အခမ်းအနား အစီအစဉ်တွေကိုလည်း မိတ်ဆွေတွေကို သေချာရှင်းပြ ပြောပြခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူဟာ သီပေါကို မပြန်ခင် လန်ဒန်မှာကျင်းပတဲ့ ပထမဆုံးအကြိမ် ‘ဘရေ့စ်နို့စ်အသင်း’ (Brasenose Society) ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ အရိုက်အရာ ဆက်ခံမယ့် သားသမီး (အမွေခံ) မကျန်ရစ်ခဲ့ပေမယ့် ရိုးရာဓလေ့ထုံးတမ်းအရ သူ့ကို ဆက်ခံမယ့်သူကို မြန်မာနိုင်ငံဘုရင်ခံဆီ အကြံပြုအမည်စာရင်း တင်သွင်းပိုင်ခွင့်တော့ ရှိခဲ့ပါတယ်။”
Source: https://eliothall.weebly.com/bro-prince-sao-ohn-kya.html
https://www.s-asian.cam.ac.uk/archive/films/item/barton-collection-film-1
Discover more from Burma Data
Subscribe to get the latest posts sent to your email.
