
၁၉၆၇ အောက်တိုဘာ ၁၅ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ အိမ်ထဲက အမျိုးသမီးတစ်ဦး ပြေးထွက်လာပြီး သူ့နောက်က အမျိုးသားတစ်ဦးကပါ ပြေးထွက်လာတယ်။ ပြီးတော့ အမျိုးသမီးကို အထဲကို ပြန်ဆွဲခေါ်ယူသွားတယ် သေနတ်သံတွေလည်း ကြားလိုက်တယ်လို့ မျက်မြင်သက်သေတွေက ရဲကို အကြောင်းကြားခဲ့တယ်။ ရဲတွေရောက်လာတဲ့အခါ သံအမတ်ကြီးဟာ သံတမန်တွေရဲ့ အခွင့်အရေးကို အပြည့်အဝအသုံးချပြီး အကာအကွယ်ယူခဲ့လို့ သီရိလင်္ကာအစိုးရဟာ ဘာမှ အရေးမယူနိုင်ခဲ့ဘူး။ သံအမတ်ကြီးရဲ့ ဇနီးဖြစ်သူဟာ ဦးနှောက်သွေးယိုစိမ့်မှုနဲ့ ကွယ်လွန်သွားတယ်လို့ ဆရာဝန်တစ်ဦးက ဆေးစစ်ချက် ထုတ်ပေးတယ်။ သူဟာ အဲဒီအခင်းဖြစ်တဲ့နေ့မှာပဲ သူ့ဇနီးကို မီးသင်္ဂြိုဟ်ခဲ့ပေမယ့် သင်္ချိုင်းမှတ်တမ်းတွေမှာ တရားဝင် မှတ်တမ်းတင်ထားတာလည်း မရှိဘူးလို့ ဆိုကြပါတယ်။

သံအမတ်ကြီးက ဝဏ္ဏကျော်ထင် စဝ်ဘွန်ဝှက် (Sao Boonwaat) ဖြစ်ပါတယ်။ ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက်အင်းတလိုင်းနဲ့ ကြင်ယာတော်တစ်ဦးဖြစ်တဲ့ Sao Nang Bunyong တို့ကနေ မွေးဖွားခဲ့ပါတယ်။ စဝ်ဘွန်ဝှက်ဟာ ပင်လုံညီလာခံမှာ လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူတစ်ယောက်လည်းဖြစ်တယ်။ လွတ်လပ်ရေးရအပြီးမှာတော့ စဝ်ဘွန်ဝှက်ကို ပြင်သစ်သံအမတ် ရာထူးပေးပြီး အဝေးပို့လိုက်တယ်။ အဲဒီကနေမှ သီရိလင်္ကာသံအမတ်ကြီး ဖြစ်လာတာပါ။ သံအမတ်ကြီး စဝ်ဘွန်ဝှက်ဟာ အဲဒီကိစ္စအပြီး ၁၀ ရက်အကြာမှာ မြန်မာပြည်ကို ပြန်ခေါ်ယူခြင်း ခံခဲ့ရတယ်။ နိုင်ငံတကာမီဒီယာတွေမှာ အဲဒီနောက်ပိုင်းဇာတ်လမ်း ဘာဆက်ဖြစ်သွားတယ်ဆိုတာ မသိရ မကြားရတော့ပေမယ့် သံတမန်အခွင့်အရေးတွေကို အသုံးချပြီး ရာဇဝတ်မှု ကျူးလွန်တာကို အရေးမယူနိုင်ခဲ့တဲ့ အဖြစ်ဆိုပြီး ခုထိ နာမည်ဆိုးနဲ့ ကျော်ခဲ့ရပါတယ်။
ဒီအမှုအခင်းနဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ် ပါလာတာကို ရှမ်းရိုးမက တင်ထားပေးတဲ့အတွက် နောက်ဆက်တွဲ ဇာတ်လမ်းအချို့ သိရပါတယ်။

သံအမတ်ကြီးနဲ့ ဇနီးဖြစ်သူဟာ အချင်းများ ရန်ဖြစ်ကြရာက ဇနီးဖြစ်သူက အပြင်ထွက်သွားမယ်ပြုလို့ သေနတ်နဲ့ ခြိမ်းခြောက် ပစ်ခတ်ရာက ဇနီးဖြစ်သူ စဝ်နန်းလောင်ဟိန်း (Nang Lao Heung) (ခ) ရှယ်လီဘွန်ဝှက် (Shirley Boonwaat) သေဆုံးခဲ့ရတယ်။ အဲဒီအတွက် ဇနီးဖြစ်သူအပေါ် ခြိမ်းခြောက်မှုအတွက် ရာဇသတ်ပုဒ်မ ၅၀၆ ဒုတိယပိုင်းအရ ထောင်ဒဏ် တစ်နှစ်၊ သေနတ်ဒဏ်ရာဖြင့် မတော်တဆ သေခဲ့မှုအတွက် ရာဇသတ်ပုဒ်မ ၃၀၄(က) ဒုတိယပိုင်းအရ ထောင်ဒဏ် ၄ နှစ် တစ်ပေါင်းတည်း ကျခံစေဆိုပြီး ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီးဦးဘမောင်က အပြစ်ဒဏ်ချမှတ်ခဲ့တယ်။
ဒီလို ထောင်ဒဏ် ၄ နှစ်အပြစ်ပေးတာကို မကျေနပ်လို့ဆိုပြီး အယူခံဝင်တဲ့အခါ ရန်ကုန်နှင့် ဟံသာဝတီခရိုင် စက်ရှင်တရားသူကြီးဦးသန်းတင်က သီဟိုဠ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း စဝ်ဘွန်ဝှက်အား ကျခံပြီးသောကာလအပိုင်းအခြား အပြစ်ဒဏ်နှင့်ပင် ပြီးဆုံးစေပြီး ထောင်မှလွှတ်ရန်” ဆိုပြီး စီရင်ချက်ချခဲ့တယ်။ (၁၉၇၀-ခု၊ မေလ ၃ ရက် ကြေးမုံသတင်းထဲ ပါခဲ့တာ ဖြစ်တာမို့ အခင်းဖြစ်ပြီး ၂ နှစ်လောက်သာ ထောင်ဒဏ်ကျခံခဲ့ရတယ်လို့ ထင်မိပါတယ်)
သံအမတ်ကြီးမှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့ပြီး ပထမဇနီးသည်နဲ့ သမီးတစ်ဦး၊ ကွယ်လွန်သူ ဒုတိယဇနီးသည်နဲ့ သားလေးဦး ထွန်းကားခဲ့ပါတယ်။ သံအမတ်ကြီး စဝ်ဘွန်ဝှက် ရဲ့ ဇနီးဖြစ်သူဟာ ချောမောလှပပြီး အပေါင်းအသင်း များပြားသူ လူချစ်လူခင်ပေါသူ တစ်ဦး ဖြစ်ပါတယ်။ အိမ်ထောင်ရေး ပြဿနာ အကြိတ်အခဲ တွေကနေ အခုလို အဖြစ်အပျက်ကြီး ဖြစ်သွားခဲ့ရတာ အင်မတန် ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ပါတယ်။ သံအမတ်ကြီး စဝ်ဘွန်ဝှက်ဟာ ၁၉၉၁ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရတယ်။ စဝ်ဘွန်ဝှက်ရဲ့ သမီးအကြီးဆုံးဖြစ်သူ စဝ်နန်းဘူပဝဒီ (Sao Nang Bupawadi/ Susan Boonwaat) ကတော့ ၂၀၂၂ မှာ ကွယ်လွန်ကြောင်း မှတ်တမ်းတစ်ခုလည်း တွေ့ပါတယ်။ စဝ်ဘွန်ဝှက်ရဲ့ မျိုးဆက်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချ နေထိုင်နေကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကို မိသားစုဝင်တွေ ပြန်ဖတ်မိလို့ ပြန်နာကျင်ခံစားရတာမျိုး မဖြစ်စေလိုပေမယ့် သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်တာမို့ မှတ်တမ်းတင်ဖြစ်ပါတယ်။
ကိုးကား
The Princess of Mengrai Kentong, 2013
https://archive.roar.media/english/life/identities/murder-mystery-death-shirley-boonwaat
https://shanyomaelibrary.blogspot.com/2013/08/sao-hpas-of-keng-tung-family-tree.html
https://www.lostfootsteps.org/…/colombo-murder-mystery
https://shanyomaelibrary.wordpress.com/2022/03/09/%e1%80%85%e1%80%9d%e1%80%ba%e1%80%98%e1%80%bd%e1%80%94%e1%80%ba%e1%80%9d%e1%80%be%e1%80%80%e1%80%ba-%e1%80%a1%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bb%e1%80%81%e1%80%b6%e1%80%95%e1%80%bc%e1%80%ae/
Discover more from Burma Data
Subscribe to get the latest posts sent to your email.
