
ကိုလိုနီခေတ် တရုတ်သူဌေးကြီး ချန်မဖီအကြောင်းကို တချို့စာအုပ်တွေမှာ တပိုင်းတစ တွေ့ရသလို သူ့ရဲ့ မျိုးဆက်တွေက Chan Mah Phee Facebook Page ပြုလုပ်ပြီး မှတ်တမ်းတင်ထားကြတာ ရှိပါတယ်။ တရုတ်ဝဘ်ဆိုက်တစ်ခုမှာ “ချန်မဖီ၏အတ္ထုပ္ပတ္တိ” ဆိုပြီး တင်ထားတာတွေ့လို့ မြန်မာဘာသာပြန်ပြီး သိမ်းဆည်းထားလိုက်ပါတယ်။ တရုတ် အခေါ်အဝေါ် တွေက အသံထွက် ကွဲပြားတဲ့အတွက် တတ်နိုင်သမျှ အထောက်အထားတွေနဲ့ ချိန်ထိုးပြီး မြန်မာအများစု သိကျွမ်းတဲ့ နာမည်တွေနဲ့ ဖော်ပြထားပေမယ့် မှားယွင်းတာမျိုး ရှိရင်လည်း သည်းခံကြဖို့နဲ့ အမှန်သိရင် ကျေးဇူးပြုပြီး ပြင်ဆင်ပေးကြဖို့ တောင်းဆိုပါရစေ။ ချန်မဖီရဲ့ မိသားစုဘဝ မျိုးရိုးဆက်နွယ်ကို သီးခြား ဖော်ပြပါမယ်။
ချန်မဖီ၏ အတ္ထုပ္ပတ္တိ
ချန်မဖီ “曾妈庇” (ခ) ဇင်ကွမ်ပိ “曾广庇” ကို ချင်မင်းဆက် (Qing Dynasty) တောက်ကွမ် ၃၀ ပြည့်နှစ်1* တွင် ဖူကျန့်ပြည်နယ်၊ ထုံအန်းခရိုင်၊ ချန်ရင်ကျေးရွာ2 (လက်ရှိ ရှားမိန်မြို့နယ်အတွင်း) ၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က အိမ်နီးနားချင်းများ၏ နွားများ ကျောင်းပေးရင်း အသက်မွေးခဲ့ရသည်။ ထို့နောက် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်လာကာ အစတွင် ပန်းရံအလုပ်ကြမ်းသမားအဖြစ်လည်းကောင်း၊ နောက်ပိုင်းတွင် သမ္ဗာန်သမားတစ်ဦးအဖြစ်လည်းကောင်း အသက်မွေးဝမ်းကျောင်းမှုပြုခဲ့သည်။ တစ်ရက်တွင် သူသည် လှေနှင့်အတူ မုန်တိုင်းမိကာ အောက်ပိုင်း (礼低镇)3 မြို့သို့ မျောပါသွားခဲ့ပြီး ထိုအရပ်ရှိ ရွာသူကြီးက ကယ်တင်ကာ သမီးနှင့် လက်ထပ်ပေးရာမှ သူကြီးသမက် ဖြစ်လာခဲ့သည်။ ယောက္ခမဖြစ်သူထံမှ လယ်ယာမြေ ဧကပေါင်းများကို အမွေရရှိပြီး ကြိုးကြိုးစားစား လုပ်ကိုင် ဆောက်ရွက်ခဲ့ရာမှ တဖြည်းဖြည်း ချမ်းသာကြွယ်ဝလာခဲ့သည်။ ထို့နောက် ရန်ကုန်မြို့သို့ သွားရောက်ကာ တိတ်လျောင်ဆန်စပါးပွဲရုံ 4 ကို ဖွင့်လှစ်ခဲ့သည်။ နှစ်အနည်းငယ်အတွင်း ကျပ်ငွေ သန်း ၂၀ အထိ စုဆောင်းမိလာပြီး အိမ်ခြံမြေ အမြောက်အမြားနှင့် တိုက်တာအဆောက်အအုံကြီးပေါင်း ၉၉ လုံးအထိ ဝယ်ယူ ပိုင်ဆိုင်ခဲ့သည်။
ချန်မဖီသည် ဆင်းရဲနွမ်းပါးသော ဘဝမှ ကြီးပြင်းလာသူဖြစ်သောကြောင့် ချမ်းသာလာပြီးနောက်တွင် လူမှုအကျိုးပြုလုပ်ငန်းများကို စိတ်အားထက်သန်စွာ လုပ်ကိုင်ခဲ့သည်။ ဘဏ်တွင် အထူးရန်ပုံငွေစာရင်းတစ်ခု ထားရှိကာ ဆေးဝါးများ (ဥပမာ မီးလောင်ဒဏ်ရာနှင့် အပူလောင်ဒဏ်ရာ ပျောက်ဆေး ကဲ့သို့သော) ဆေးဝါးများကို ယင်းငွေစာရင်းမှ လစဉ် ဝယ်ယူစေ၍ မိမိအိမ်ရှေ့ တံစက်မြိတ်တွင် ချိတ်ဆွဲထားရှိကာ မည်သူမဆို အခမဲ့ လာရောက် ယူဆောင်နိုင်ရန် စီစဉ်ပေးခဲ့သည်။ ယင်းကုသိုလ်ကို သူ၏ တတိယမြောက်မျိုးဆက် (မြေးများ) အထိ ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။ ခရစ်သက္ကရာဇ် ၁၈၉၅ ခုနှစ် (ချင်မင်းဆက် ကွမ်ရွှိ ၂၁ နှစ်) ခန့်တွင် ချန်မဖီသည် မိမိ၏ မွေးရပ်မြေဖြစ်သော ချန်ရင်ကျေးရွာ၌ “လျောင်စန်း အမျိုးသား/အမျိုးသမီး အခြေခံပညာကျောင်း” ကို ကိုယ်ပိုင်ငွေဖြင့် တည်ထောင်ခဲ့ပြီး အနီးနားရှိ ကျောင်းနေအရွယ် ကလေးငယ်များကို အခမဲ့ ပညာသင်ကြားခွင့်ပေးခဲ့ရာ ထုံအန်ခရိုင်၏ အစောဆုံးသော ပြည်ပရောက် တရုတ်လူမျိုးတစ်ဦးက တည်ထောင်သည့် ကျောင်းတစ်ကျောင်း ဖြစ်လာခဲ့သည်။ ကွမ်ရွှိမင်းဆက်အတွင်း ဟီနန်ပြည်နယ် ရေကြီးရေလျှံမှု ဘေးဒုက္ခအတွက် ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့သဖြင့် ချင်မင်းဆက်နန်းတော်မှ (救饥济弱)5 ဟူသော ဘွဲ့တံဆိပ် ကမ္ပည်းပြားကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။
စင်ဟိုင်တော်လှန်ရေး 6 အောင်မြင်ပြီးနောက် ၁၉၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် သူသည် ရန်ဇီကျိန်း (Yang Zizhen) စသူတို့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်နိုင်ရေးကို ကူညီပံ့ပိုးနိုင်ရန်အတွက် “အမျိုးသားအလှူတော်ငွေ” ကောက်ခံခြင်းကို စတင်ဦးဆောင်ခဲ့ပြီး “မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ပရောက် တရုတ်လူမျိုးများ အမျိုးသားအလှူတော်ငွေ ရှာဖွေရေး ဗဟိုဌာနချုပ်” ကို ဖွဲ့စည်းကာ ချန်မဖီကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ သူ၏ ဦးဆောင်မှုအောက်တွင် ထူးချွန်ထက်မြက်သော အောင်မြင်မှုများ ရရှိခဲ့ပြီး ၁၉၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ စုစုပေါင်း အလှူငွေ မြန်မာကျပ်ငွေ ၂၈၇,၅၇၂.၁၃ ရရှိခဲ့ကာ ပေကျင်း ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မြန်မာကျပ်ငွေ ၂၅၈,၅၇၅ နှင့် ညီမျှသော ငွေဒင်္ဂါး ၁၆၅,၀၀၀ ကို ဆက်တိုက် ကြေးနန်းဖြင့် လွှဲပြောင်းပေးပို့ခဲ့သည်။ သူကိုယ်တိုင်လည်း ငွေကြေးအမြောက်အမြားကို ဦးဆောင်လှူဒါန်းခဲ့သဖြင့် ယာယီသမ္မတကြီး ဒေါက်တာဆွန်ယက်ဆင် (Sun Yat-sen) ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ကမ္ပည်းပြားတစ်ခုနှင့် ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ (ဆွန်ယက်ဆင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က ချန်မဖီကို ၎င်း၏ ကျယ်ပြန့်လှသော ပရဟိတလုပ်ငန်းများနှင့် ကိုက်ညီစေရန်အတွက် “ချန်ကွမ်ပိ“7 ဟူသောအမည်ကို အသုံးပြုရန် တောင်းဆိုခဲ့သည်ဟု အဆိုရှိသည်။)
၁၉ ရာစုနှောင်းပိုင်းတွင် ချန်မဖီသည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့သည့်အပြင် ရန်ကုန်မြို့ အလုံမြို့နယ်တွင် သားဖွားနှင့် မီးယပ်ဆေးရုံတစ်ရုံကို ကိုယ်ပိုင်ငွေဖြင့် တည်ထောင်ပေးခဲ့ကာ လူမျိုးမရွေး၊ ဘာသာမရွေး အမျိုးသမီးများ အခမဲ့ လာရောက် မီးဖွားနိုင်ရန် စီစဉ်ပေးခဲ့သဖြင့် ဗြိတိသျှကိုလိုနီအစိုးရ၏ ချီးမွမ်းခြင်းကို ခံခဲ့ရပြီး ဆေးရုံတည်ရှိရာ လမ်းမကြီးကို “ချန်မဖီလမ်း” (Chan Ma Phee Road) ဟု အမည်ပေးခဲ့သည်။ ၁၉၁၉ ခုနှစ် ဆောင်းရာသီတွင် သူသည် မြန်မာနိုင်ငံရောက် လျောင်စန်တောင် (龙山堂) အသင်းအား ရန်ကုန် တရုတ်အမျိုးသားအလယ်တန်းကျောင်း (华侨中学) အတွက် ကျောင်း၏ လစဉ်ပုံမှန်အသုံးစရိတ် တစ်ဝက်ကို နှစ်ပေါင်း ၂၀ တိုင်တိုင် ကူညီပံ့ပိုးပေးရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ ထိုနှစ်ကုန်တွင်ပင် သူကိုယ်တိုင် မြန်မာကျပ်ငွေ ၁၀,၀၀၀ လှူဒါန်းခဲ့ပြီး နောက်နှစ်တွင် ထိုကျောင်း၏ နာယကအဖြစ် တင်မြှောက်ခြင်း ခံရသည်။ ထို့ပြင် ဖူကျန့်အမျိုးသမီးကျောင်း စသည်တို့ကိုလည်း ကူညီပံ့ပိုးပေးခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် ပညာတတ်များစွာကို မွေးထုတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် (华侨中学) တရုတ်အမျိုးသားအလယ်တန်းကျောင်း (ဝှာကျုံး?) ဆောက်လုပ်ရန်အတွက် ကျပ် ၅ သိန်းခွဲခန့် တန်ဖိုးရှိသော မြေကွက်တစ်ကွက်ကို လှူဒါန်းခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါကျောင်းမှ သူ၏ အတ္တမဲ့ပေးဆပ်မှုကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဝင်းအတွင်းရှိ အနောက်တိုင်းပုံစံ အုတ်တိုက်အဆောက်အအုံကို “ကွမ်ပိအဆောက်အအုံ” (Guangbi Building) ဟု အမည်ပေးခဲ့သည်။
ချန်မဖီသည် ရန်ကုန် ဖူကျန့် ခိန့်ဟုတ်ဘုရားကျောင်း (福建庆福宫) ၏ ဂေါပကလူကြီး အဖြစ်လည်း တာဝန်ယူခဲ့ပြီး ထိုစဉ်က အလှူငွေ မြန်မာကျပ်ငွေ ၁၀,၀၀၀ လှူဒါန်းခဲ့သည်။ ၎င်းပြင် ၁၈၈၇ ခုနှစ်တွင် လျောင်စန်တောင် (龙山堂) အသင်း၏ အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်တွင် လျောင်စန်တောင်ဘုရားကျောင်း (龙山堂) ၏ ယုံကြည်စိတ်ချရသော ဂေါပကလူကြီးများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ ထို့တင်မကဘဲ ၁၉၁၂ ခုနှစ်တွင် ရန်ကုန်မြို့ ချန်ရင် ကျုံးစိန့်တုံ့အသင်း 崇圣堂 (ယခု ရန်ကုန်မြို့ ၁၉ လမ်း၊ အမှတ် ၃၂ မှ ၄၀ ရှိ အဆောက်အအုံ တစ်ခုလုံး – ယခုအခါ ၇ ထပ် မြင့်သော အခန်းတွဲ ၅ ခန်းပါဝင်ပြီး အခန်းပေါင်း ၃၅ ခန်းရှိသော အဆောက်အအုံသစ်) ကို မိမိတို့ ဆွေမျိုးသားချင်းများ၏ လူမှုရေးနှင့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများအတွက် အထူးလှူဒါန်းခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရောက် ဇင်စမ်းစိန်ဂိုဏ်း၊ ကွမ်ခိုအန်ရန်လီအသင်း၊ ထုံအန်အသင်းတိုက် စသည့် အဆောက်အအုံများကိုလည်း ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရသည်။
ချန်မဖီ၏ ဖခင်အမည်မှာ ချန်ယီရှင်း (Zeng Yixing) ဖြစ်သည်။ ယောက္ခမှာ ဦးအောင်ဘ ဖြစ်ပြီး ဇနီးအမည်မှာ ဒေါ်ဧမြ ဖြစ်သည်။ မွေးစားသားနှစ်ဦးနှင့် သားအရင်း ချန်ချောလိုင်၊ ချန်ချောခိုင်၊ ချန်ချော်ပိုင် ဟူ၍ သား ၅ ဦး ထွန်းကားခဲ့သည်။ မြေးနှင့် မြစ်များစွာရှိပြီး အားလုံးမှာ နိုင်ငံခြားတွင် အဆင့်မြင့်ပညာရပ်များကို ဆည်းပူးခဲ့ကြသဖြင့် ဆရာဝန်များ၊ ရှေ့နေများ၊ ပါရဂူဘွဲ့ရများနှင့် မာစတာဘွဲ့ရများ အပါအဝင် ပညာတတ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ချန်မဖီသည် တစ်သက်တာလုံး သစ္စာတရားနှင့် ကတိသစ္စာကို တန်ဖိုးထားသူဖြစ်သည်။ အတိတ်ကာလက သူသည် အလုပ်ရှာဖွေရန် ပီနန်းကျွန်းသို့ သွားရောက်စဉ် ရုတ်တရက် ခြေထောက်ရောဂါ ပြင်းထန်စွာ ခံစားခဲ့ရဖူးသည်။ ကံကောင်းထောက်မစွာဖြင့် သက်ကြီးရွယ်အို တရုတ်အမျိုးသမီးကြီးတစ်ဦး၏ ဆေးဝါးကုသပေးမှုကြောင့် ရောဂါပျောက်ကင်းကာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့သည်။ နောက်ပိုင်းတွင် သူ အဆင်ပြေချမ်းသာလာသောအခါ ထိုကျေးဇူးရှင် အမျိုးသမီးကြီး ကွယ်လွန်သည်အထိ လူမှုရေးနှင့် စားဝတ်နေရေး အသုံးစရိတ်များကို ပုံမှန်ငွေလွှဲ၍ ထောက်ပံ့ပေးခဲ့သည်။
ချန်မဖီသည် မိမိကြီးပြင်းရာမြေကို မမေ့ဘဲ (礼低镇) မြို့တွင် ဘုန်းကြီးကျောင်းများ၊ ဇရပ်များ၊ ရေတွင်းများ တူးဖော်ပေးခြင်း၊ လမ်းတံတားများ ခင်းပေးခြင်းနှင့် သုသာန်မြေများ လှူဒါန်းခြင်း စသည့် ရေတွက်၍မကုန်နိုင်သော ကောင်းမှုကုသိုလ်များကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့သဖြင့် ယနေ့တိုင် ထိုမြို့သူ မြို့သားများက သူ့ကို လေးစားတသ သတိရနေကြဆဲ ဖြစ်သည်။
လွန်ခဲ့သော နှစ် ၁၀၀ ခန့်က ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ်တွင် ညဘက်၌ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ သူသည် မိမိဆိုင်ရှိ အလုပ်သမားအားလုံးကို တစ်ညလုံး ချက်ပြုတ်ခိုင်းကာ နံနက်မိုးလင်းသည်နှင့် တပြိုင်နက် ဘေးဒုက္ခသည်များ ငတ်မွတ်ခေါင်းပါးမှု ဘေးမှ ကင်းဝေးစေရန်အတွက် အလှူထမင်းထုပ် အမြောက်အမြားကို ကူညီပံ့ပိုးပေးခဲ့ပြီး ဤသို့သော ရက်ရက်ရောရော လှူဒါန်းမှုကို ရက်ပေါင်းများစွာ ဆက်တိုက် ပြုလုပ်ခဲ့သည်။
ချန်မဖီသည် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားလှသော ဗုဒ္ဓဘာသာ အထွတ်အမြတ်နေရာဖြစ်သည့် “ကျိုက်ထီးရိုး” စေတီတော်တွင်လည်း ဘုရားဖူးခရီးသည်များ နားနေကိုးကွယ်နိုင်ရန် စတုဒိသာဇရပ်များကိုလည်း လှူဒါန်းခဲ့သည်။
သူသည် မြန်မာ့ရိုးရာနှင့် ဗုဒ္ဓဘာသာအပေါ်တွင်လည်း အလွန်ကြည်ညို ကိုးကွယ်ပြီး ကြီးမားစွာ လှူဒါန်းခဲ့သည်။ အထူးသဖြင့် ရန်ကုန်ရွှေတိဂုံစေတီတော်၏ မြောက်ဘက်မုခ်တွင် သီလရှင်များနှင့် ယောဂီများ တရားဘာဝနာ ပွားများအားထုတ်နိုင်ရန်အတွက် တန်ဆောင်းတစ်ဆောင် (ချန်မဖီတန်ဆောင်း) ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ အတိတ်ကာလက ပွဲတော်ရက်ကြီးများ ကြုံကြိုက်သည့်အခါ ထိုတန်ဆောင်း အတွင်း၌ စတုဒိသာ အလှူတော်ကြီးများ ပြုလုပ်၍ အရပ်ရပ်မှ ဘုရားဖူးခရီးသည်များကို ဧည့်ခံကျွေးမွေးခဲ့သည်။
ထို့အပြင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ ပိဋကတ်တော်များကို နက်နက်နဲနဲ လေ့လာနိုင်ရန်နှင့် သာသနာတော် ထွန်းကားပြန့်ပွားစေရန်အတွက် (佳都雅) ပိဋကတ်တိုက် (ဗဟန်းကြားတောရ?) ကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။
၎င်းပြင် ရန်ကုန်မြို့ ဗဟန်း “普帝光” “ဗောဓိကုန်း?” ရပ်ကွက်တွင် ၅ ဧက ကျယ်ဝန်းသော မြေကွက်လွတ်ကြီးကို လှူဒါန်းခဲ့ပြီး ၎င်းမြေကွက်အတွင်း၌ ထင်ရှားကျော်ကြားသော (旺敏贡) ဘုရား (လက်ရှိ ဗောဓိကုန်းဘုရား?) ကို တည်ထားကိုးကွယ်ခဲ့ကာ ဓမ္မမိတ်ဆွေများ တရားထိုင် ပူဇော်နိုင်ရန် စီစဉ်ပေးခဲ့သည်။ ယနေ့တိုင် ဘုရားဖူးများ မပြတ်စည်ကားလျက်ရှိရာ အလွန်ပင် ကုသိုလ်ထူးလှပေသည်။
ချန်မားဖီးသည် ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်၌ ၇၀ နှစ် ရှိပြီဖြစ်သည်။
မှတ်ချက်။ ။ ဤအတ္ထုပ္ပတ္တိကို ချန်ရင် ကျုံးစိန်တုံ့အသင်း (曾营崇圣堂) ၏ အချက်အလက်များအပေါ် အခြေခံ၍လည်းကောင်း၊ ချွမ်ကျိုးပြတိုက်မှ အရာရှိ ဝူချန်းဟွေး (Wu Canhui) ပြုစုထားသော စာရွက်စာတမ်းများကို ကိုးကား၍လည်းကောင်း၊ ၎င်းပြင် ဂိုဏ်းအလုပ်အမှုဆောင်များက ချန်မားဖီး၏ နောက်ခံမျိုးဆက်များနှင့် တွေ့ဆုံမေးမြန်းမှုများနှင့် ကျန်ရစ်ခဲ့သော သမိုင်းမှတ်တမ်းများကို အခြေခံ၍ ပြုစုရေးသားထားခြင်း ဖြစ်သည်။
Source: https://www.mhwmm.com/mianhuarenwu/435.html
အောက်ခြေမှတ်စု
- တောက်ကွမ် ၃၀ ပြည့်နှစ် ဆိုတာက တရုတ်သမိုင်းမှာ ဧကရာဇ်စိုးစံစဉ်ကာလ သက္ကရာဇ်ရေတွက်ပုံ (Reign Era) ဖြစ်ပြီး၊ လက်ရှိ ခရစ်သက္ကရာဇ်နဲ့ တွက်ချက်မယ်ဆိုရင် ခရစ်နှစ် ၁၈၅၀ ပြည့်နှစ် ဖြစ်ပါတယ်။ တရုတ်ပြည် ချင်းမင်းဆက်ရဲ့ ရှစ်ဆက်မြောက် ဧကရာဇ်ဖြစ်တဲ့ တောက်ကွမ်ဧကရာဇ် (Daoguang Emperor) ဟာ ခရစ်နှစ် ၁၈၂၁ ခုနှစ်မှာ စတင်နန်းတက်ခဲ့တယ်။ တရုတ်ရိုးရာ စနစ်အရ သူနန်းစတင်တက်တဲ့ အချိန်ကို “တောက်ကွမ် ၁ ခုနှစ်” လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် တောက်ကွမ် ၃၀ ခုနှစ် ဆိုတာက ၁၈၅၀ ပြည့်ဖြစ်ပါတယ်။ ↩︎
- ဖူးကျန့်လိုဆို ချန်ညာရွာ ↩︎
- (礼低镇) မြို့ ဆိုတာ တရုတ်အသံနဲ့ ဘာမြို့ကို ဆိုလိုမှန်း မသိပေမယ့် ချန်မာဖီး ယောက္ခမ ဦးအောင်ဘဟာ ဒေးဒရဲကလို့ ဆိုတဲ့အတွက် ဒေးဒရဲ ဖြစ်နိုင်ပါတယ်။ ↩︎
- Taik Leong & Co. ↩︎
- (救饥济弱) ဆိုတာ “ငတ်မွတ်သူကို ကယ်တင်၍ အားနည်းသူကို မစသူ” လို့ အဓိပ္ပာယ် ရတယ်လို့ ဆိုပါတယ်။ ↩︎
- စင်ဟိုင်တော်လှန်ရေး (Xinhai Revolution) ဆိုတာ တရုတ်နိုင်ငံ သမိုင်းတင်မကဘဲ ကမ္ဘာ့သမိုင်းမှာပါ အရေးပါတဲ့ အလှည့်အပြောင်း တော်လှန်ရေးကြီး တစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်း ၂,၀၀၀ ကျော်ကြာ တည်တံ့ခဲ့တဲ့ တရုတ်ဧကရာဇ် (ဘုရင်) စနစ်ကို အဆုံးသတ်ပြီး အာရှရဲ့ ပထမဆုံးသော သမ္မတနိုင်ငံ (Republic) ကို ထူထောင်ပေးခဲ့တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ↩︎
- ချန်ကွမ်းပိ (曾广庇) ဆိုတာ “လူသားအပေါင်းကို အတိုင်းအဆမရှိ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်စောင့်ရှောက်ပြီး အရိပ်အာဝါသပေးမည့်သူ” (One who provides extensive shelter and protection to many) လို့ ဆိုလိုကြောင်း သိရပါတယ်။ ↩︎
Discover more from Burma Data
Subscribe to get the latest posts sent to your email.
