သီပေါစော်ဘွားကြီးစဝ်ချယ်၏ မိသားစုစာရင်း

Historical black and white photograph of a man seated on an ornate throne, wearing traditional attire and a crown, with decorative dragon figures on the throne.
သီပေါစော်ဘွားကြီး စဝ်ချယ် (ခ) ဆာစောချယ်

ဒေတာဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟိုးတရက်က မိုင်းရယ်စော်ဘွား သမီးတော်ကြီး စဝ်တင်းမိုင်း ကွယ်လွန်တဲ့အကြောင်း ရေးပြီးချိန်မှာ မထင်မှတ်ဘဲ ကိုအောင်ဟိန်းဆိုသူ တင်ထားတဲ့ သူတို့ရဲ့ သီပေါစော်ဘွား အနွယ်တော်ဇယားဆိုတာ သွားတွေ့တယ်။ အဲဒီဇယားဟာ ကျွန်တော်မှတ်ထားတဲ့ ဇယားနဲ့ လွဲနေတာမို့ သူရေးထားတာတွေရော အခြားလက်လှမ်းမီရာ စာတွေရော သေချာပြန်ကြည့်ဖြစ်တယ်။ သီပေါစော်ဘွားကြီး ဆာစဝ်ချယ်ဟာ မိဖုရား များသူမို့ တော်တော် လည်ထွက်သွားတယ်။ စဝ်ချယ်ရဲ့ ကြင်ယာတော် ၂၄ ယောက်စာရင်းကို ကျွန်တော် အင်္ဂလိပ်မှတ်တမ်း တစ်ခုမှာတွေ့လို့ ဘာသာပြန်ပြီး ကူးထားခဲ့ဖူးပေမယ့် မူရင်းဘယ်စာအုပ်က ကူးခဲ့တာလည်းဆိုတာ မမှတ်ခဲ့မိလို့ အတော်လေး ပြန်ရှာလိုက်ရတာမှာ နောက်ဆုံး Shan States and Karenni: List of chiefs and leading families ဆိုတဲ့ မှတ်တမ်းထဲ ပြန်တွေ့တယ်။ အင်္ဂလိပ်ထုံးစံ မှတ်တမ်းမှတ်ရာတွေကို အတော်လေး တိတိကျကျ ရေးမှတ်ထားခဲ့တာတွေဟာ နောင်ကာလမှာ အခုလို ကြုံလာတဲ့ ထွေပြား/ဝေဝါးမှုတွေကို ဆန်းစစ် အဖြေမှန် ရှာဖို့အတွက် အများကြီး အသုံးဝင်တာ တွေ့ရတယ်။ ရှမ်းစော်ဘွားတွေဟာ ဟိုနယ်နဲ့ ဒီနယ် သမီး/သား/နှမ/အစ်မ ဖလှယ် အမျိုးစပ်ကြတာ များတာမို့ သီပေါစော်ဘွားကြီး ဆာစဝ်ချယ်ရဲ့ မိသားစုစာရင်းကို ပြန်လေ့လာဖြစ်လိုက်တာမှာ အခြား မျိုးနွယ်တွေ အတွက်ပါ အငြင်းပွားစရာတွေပါ ထပ်တွေ့လာပါတယ်။ ဒါ့အပြင် ကုန်းဘောင်နောက်ဆုံးဘုရင် သီပေါမင်းကလည်း သီပေါစော်ဘွားအနွယ်တော်မို့ သူ့အထက်မျိုးဆက်ကို ပြောကြရမှာ ကွဲပြားနေတဲ့ အချက်တွေကိုလည်း သွားတွေ့ပါတယ်။ အဲဒီအထဲမှာ သီပေါစော်ဘွားကြီးရဲ့ ကြင်ယာတော် ၂၄ ပါးကို နံပါတ်စဉ်ထိုးပြီး ဒီလိုပြတယ်။

A scanned page from a historical document detailing the biographies of various individuals with connections to the HAW (Hlaingthaya Agricultural Workers), including names, birth years, family relations, and significant life events.
Source: Shan States and Karenni: List of chiefs and leading families, P.57-59

သီပေါစော်ဘွားကြီးစဝ်ချယ်၏ မိသားစုစာရင်း

၁။ စဝ်စိန်နု၊ မဟာဒေဝီ၊ မိုင်းလုံမြို့စားဟောင်း ခွန်ညွန့်၏ သမီး။ ၁၈၇၄ ခုနှစ်မွေး။ ၁၉၂၆ ခုနှစ် မတ်လတွင် သီလရှင်ဝတ်ခဲ့သည်။
၂။ ခင်တင်/ ရွှေလှံခင်တင်၊ ရွှေလှံမြို့ဝန်၏ သမီး။ ၁၉၁၆ ဒီဇင်ဘာ ၂၀ မန္တလေးမြို့၌ ကွယ်လွန်။ ၁၉၁၁ ခုနှစ်မှစ၍ စော်ဘွားနှင့် ခွဲခွာနေထိုင်ခဲ့သည်။
၃။ ခင်မြိုင်၊ မန္တလေးသူ ဗမာလူမျိုး။ ၁၉၁၄ ခုနှစ် ဇူလိုင်လ ကွယ်လွန်။
၄။ နန်းဖုံ၊ သီပေါ၊ နောင်ပိန်ဒေသသူ။ ၁၈၇၆ ခုနှစ်မွေး။ ၁၉၁၅ ခုနှစ်မှစ၍ ဟော်နန်းတွင် သီလရှင်အဖြစ် နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဟော်နန်းမှ ထွက်ခွာခဲ့သည်။
၅။ နန်းခမ်းအုံ၊ စဝ်ကြာညွန့်၏မယ်တော်။ ၁၈၇၆ ခုနှစ်မွေး။ ရှမ်းအမျိုးသမီး။ ၁၉၁၄ ခုနှစ်မှစ၍ ဟော်နန်းတွင် သီလရှင်အဖြစ် နေထိုင်ခဲ့ကာ နောက်ပိုင်းတွင် ဟော်နန်းမှ ထွက်ခွာပြီး သမီးဖြစ်သူနှင့်အတူ ကျိုင်းတုံတွင် နေထိုင်ခဲ့သည်။
၆။ နန်းခမ်းစိန်၊ ကျောင်းတကာအေး၏ ညီမ။ ၁၈၇၇ ခုနှစ်မွေး။ သီပေါဒေသသူ။ ၁၉၁၂ ခုနှစ်တွင် စော်ဘွားနှင့်အတူ အင်္ဂလန်သို့ လိုက်ပါခဲ့သည်။ ဟော်နန်းမှ ထွက်ခွာပြီး မိခင်နှင့်အတူ သီပေါတွင် နေထိုင်ခဲ့သည်။
၇။ စဝ်မြစိန်၊ အမတ်ချုပ် စဝ်လုံဆိုင်၏ ညီမ။ ၁၈၈၀ ခုနှစ်မွေး။ ဟော်နန်းမှထွက်ခွာပြီး အစ်ကိုဖြစ်သူနှင့်အတူ သီပေါတွင် နေထိုင်ခဲ့သည်။
၈။ စဝ်အုံ၊ ကျေးသီး-မံစံမြို့စား၏ ညီမ။ ၁၈၈၅ ခုနှစ်မွေး။
၉။ စဝ်ခမ်းနွန်၊ စဝ်ချယ်၏ ညီမနှစ်ဝမ်းကွဲ ၁၈၈၆ ခုနှစ်မွေး။
၁၀။ စဝ်ကြည်လင်း၊ မိုင်းလုံမြို့စား ခွန်ဟော်ရော့ (Hkun Haw Yawt) ၏ တူမ။ ၁၈၉၁ ခုနှစ်မွေး။ ၁၉၁၅ ခုနှစ်တွင် စော်ဘွားနှင့် ကွာရှင်းခဲ့သည်။
၁၁။ နန်းခမ်းဆာ၊ စဝ်အုံကြာ၏ မိခင် နန်းခမ်းအူ၏ ညီမ။ ၁၈၈၅ ခုနှစ်မွေး။ ဟော်နန်းမှ ထွက်ခွာပြီး တူဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်။
၁၂။ နန်းတွဲ၊ ၁၉၁၄ ခုနှစ်မှစ၍ ဟော်နန်းသီလရှင်များထဲမှ တစ်ပါးဖြစ်သည်။ ၁၈၇၇ ခုနှစ်မွေး။
၁၃။ နန်းခမ်း၊ ၁၈၈၅ ခုနှစ်မွေး။ ၁၉၁၇ ခုနှစ်ကွယ်လွန်။
၁၄။ နန်းခမ်းမှန်၊ ၁၉၁၀ ခုနှစ်တွင် အကျင့်ပျက်မှုဖြင့် ကွာရှင်းခံခဲ့ရသည်။ ၁၈၈၇ ခုနှစ်မွေး။ နောက်ပိုင်းတွင် စော်ဘွား၏ နောက်လိုက်တစ်ဦးဖြစ်သူ မောင်ညွန့်၏ ဇနီးဖြစ်လာခဲ့သည်။
၁၅။ နန်းမြစိန်၊ ၁၉၁၅ ခုနှစ်တွင် စော်ဘွားနှင့် ကွာရှင်းခဲ့သည်။ ၁၈၉၁ ခုနှစ်မွေး။
၁၆။ စဝ်ကြာအုံ၊ မိုင်းတုံမြို့စားဟောင်း ခွန်ကျော်၏ တူမ။ ၁၈၉၂ ခုနှစ်မွေး။ စော်ဘွားနှင့် ကွာရှင်းထားသည်။
၁၇။ နန်းမြကွန်း၊ မန္တလေးသူ ဗမာအမျိုးသမီး။ ၁၈၉၂ ခုနှစ်မွေး။ စော်ဘွားနှင့် ကွာရှင်းထားသည်။
၁၈။ စဝ်ခမ်းနော်၊ အမှတ်စဉ် ၉ မှ စဝ်ခမ်းနွန်၏ ညီမ။ ၁၈၉၃ ခုနှစ်မွေး။
၁၉။ နန်းမြ/စဝ်ရွှေမြူ၊ သီပေါဒေသသူ။ ၁၈၉၁ ခုနှစ်မွေး။ နောက်ပိုင်းတွင် စဝ်ရွှေမြူဟု လူသိများလာသည်။
၂၀။ မြအေးကြည်/ခင်စိန်ကြည်၊ မန္တလေးသူ ဗမာအမျိုးသမီး။ ၁၈၉၀ ခုနှစ်မွေး။ အကျင့်ပျက်မှုဖြင့် ၁၉၂၈ ခုနှစ် မေလတွင် ဟော်နန်းမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။
၂၁။ နန်းရွှေအိမ်၊ နောင်ချိုရှမ်းအမျိုးသမီး။ ၁၈၉၀ ခုနှစ်မွေး။ ၁၉၁၇ ခုနှစ် ဇွန်လတွင် သီလရှင်ဝတ်ခဲ့သည်။
၂၂။ နန်းရွှေကြူ၊ သီပေါရှမ်းအမျိုးသမီး။ ၁၈၉၀ ခုနှစ်မွေး။ ၁၉၁၅ ခုနှစ်တွင် အကျင့်ပျက်မှုဖြင့် ကွာရှင်းခံခဲ့ရသည်။
၂၃။ နန်းရွှေဖြူ၊ မဟာဒေဝီ၏ တူမ နှစ်ဝမ်းကွဲ။ ၁၈၉၆ ခုနှစ်မွေး။ ၁၉၁၅ ခုနှစ် ဇူလိုင်လတွင် သီလရှင်ဝတ်ခဲ့သည်။
၂၄။ လှမယ်၊ မန္တလေးသူ။ ၁၉၁၅ ခုနှစ် ဇူလိုင်လ ကွယ်လွန်။
၂၅။ နန်းခမ်းအူ၊ စဝ်အုံကြာ၏ မယ်တော်။ ၁၈၉၆ ကွယ်လွန်။

သားသမီးအရင်းများ
သား – စဝ်အုံကြာ၊ နောင် သီပေါစော်ဘွားဖြစ်၊ နန်းခမ်းအူ (၁၈၉၆ ကွယ်လွန်) မှ ၁၈၉၃ တွင် မွေးဖွား။
သမီး – စဝ်ကြာညွန့်၊ အမှတ်စဉ်-၅ ကြင်ယာတော် (နန်းခမ်းအုံ) မှ ၁၈၉၇ တွင် မွေးဖွား။ ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းတိုင်၏ မဟာဒေဝီ ဖြစ်လာ။
သမီး – စဝ်ဥမ္မာ၊ အမှတ်စဉ်-၃ ကြင်ယာတော် (မန္တလေးသူ ခင်မြိုင်) မှ ၁၈၉၈ တွင် မွေးဖွား။ ဦးငြိမ်း၏သား ဦးဘဌေးနှင့် လက်ဆက်။
သမီး – စဝ်မာလာ/စဝ်သီရိမာလာ၊ အမှတ်စဉ်-၆ ကြင်ယာတော် (သီပေါသူ နန်းခမ်းစိန်) မှ ၁၈၉၈ တွင် မွေးဖွား။ မြောက်သိန္နီစော်ဘွား စဝ်ဟုန်ဖ(r. 1926-1959) ၏ ကြင်ယာတော်ဖြစ်လာ။

မွေးစားသားသမီးများ
သမီး – စဝ်သုနန္ဒာ၊ အကိုဖြစ်သူ စဝ်လူ၏သမီး၊ ၁၉၀၀ မွေးဖွား။ စဝ်အုံကြာ၏ မဟာဒေဝီ ဖြစ်လာ။
သမီး – စဝ်အုန်းညွန့်၊ အကိုဖြစ်သူ စဝ်လူ၏ သမီး၊ ၁၉၀၉ မွေးဖွား။ ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက်အင်ထလိုင်း၏ စတုတ္ထသားတော် စဝ်ခွန်မိုင်းနှင့် လက်ဆက်။
သမီး – စဝ်မြဧ၊ ဘုရားတကာဧ၏သမီး၊ ၁၉၀၂ မွေးဖွား။
သမီး – စဝ်မွန်လှ၊ ကြောင်ပန်းရွာသားတစ်ဦး၏သမီး။
သမီး – မမကြီး၊ စဝ်အို၏သမီး၊ ၁၉၀၂ မွေးဖွား။
သမီး – မမကလေး၊ စဝ်အို၏သမီး။
သမီး – စဝ်အင်ထရာ၊ ကျိုင်းတုံစော်ဘွားကြီး စဝ်ခွန်ကျောက်အင်ထလိုင်း၏သားတော်၊ ၁၉၀၁ မွေးဖွား။ မိုင်းတုံမြို့စား ခွန်ကျော်၏သမီး နန်းညွန့်နှင့် လက်ဆက်။

သီပေါစော်ဘွားအနွယ်တော် ကိုအောင်ဟိန်း က “ဘေးမတော်ကြီး နန်းခမ်းအူ (ခေါ်) စဝ်မြကွန်း နှင့် ဘေးတော် စော်ဘွားကြီး ဆာစောချယ် တို့ မွေးဖွားသော စဝ်အုံကြာ(နောင် သီပေါစော်ဘွားကြီး)နှင့် စဝ်ကြာညွန့် (နောင်ကျိူင်းတုံမဟာဒေဝီ) တို့သည် ဘေးမတော် စဝ်မြကွန်း၏ မောင်တော် ဖြစ်သူ စဝ်နထွန်းမှ မွေးဖွားသည့် ဦးခွန်အောင်ပု (ကျွန်တော့်အဖိုး) နှင့် မောင်နှမဝမ်းကွဲ တော်စပ်ပြီး သီပေါစော်ဘွား စဝ်အုံကြာ ကျိူင်းတုံမဟာဒေဝီ စဝ်ကြာညွန့် တို့သည်လည်း ကျွန်တော်နှင့် ဘိုးဘွားများအဖြစ် တော်စပ်သည်ဟု သိရှိမှတ်သားခဲ့ရပါသည်” လို့ ဆိုထားတယ်။ နောက် မိသားစုစာရင်းမှာ နန်းခမ်းအူကို လုံးဆယ်နဲ့ နိုင်းပဲတို့က မွေးဖွားပြီး၊ စဝ်နမောင်၊ စဝ်နထွန်း၊ စဝ်နဆာ၊ စဝ်နမြတ် စတဲ့ မောင်နှမတွေ ရှိတဲ့အကြောင်း ပြပါတယ်။

A flowchart in Burmese, illustrating a hierarchical structure with branches outlining different categories and subcategories.
သီပေါစော်ဘွားအနွယ်တော်ဇယား၊ Source: Aung Hain Facebook

ကိုအောင်ဟိန်းရဲ့ အချက်အလက်ကို အထက်က အင်္ဂလိပ်မှတ်တမ်းနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်တဲ့အခါ စဝ်ချယ်ရဲ့ ကြင်ယာစာရင်းမှာ နန်းခမ်းအူဆိုတာ မပါပေမယ့် စဝ်အုံကြာရဲ့ အမေနာမည် နေရာမှာတော့ နန်းခမ်းအူ ဆိုတာ တွေ့တယ်။ နန်းခမ်းအူက စဝ်အုံကြာကို ၁၈၉၃ မှာ မွေးပြီး ၁၈၉၆ မှာ ကွယ်လွန်တယ်။ သူ့မှာ နန်းခမ်းဆာ ဆိုတဲ့ ညီမတစ်ယောက်ရှိပြီး သူကလည်း ဆာစဝ်ချယ်ရဲ့ ကြင်ယာတော်ပါပဲ။ ကိုအောင်ဟိန်းရဲ့ မှတ်တမ်းမှာပါတဲ့ နန်းခမ်းအူရဲ့ ညီမ စဝ်နဆာ ဆိုတာ စဝ်နန်းဆာ/နန်းခမ်းဆာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အထက်က အင်္ဂလိပ် မှတ်တမ်းအရ ဆိုရရင် နန်းခမ်းအူဟာ ဆာစဝ်ချယ်ရဲ့ မဟာဒေဝီ မဟုတ်ပါဘူး။ မဟာဒေဝီက မိုင်းလုံမြို့စားဟောင်း ခွန်ညွန့်ရဲ့ သမီး စဝ်စိန်နု လို့ ဆိုထားတယ်။ (ဓာတ်ပုံတစ်ခုမှတော့ မဟာဒေဝီ Nang Kot Loang ဆိုပြီး ပြထားပါတယ်နောက်ပြီး အထက်က အင်္ဂလိပ် မှတ်တမ်းအရ ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းတိုင်ရဲ့ မဟာဒေဝီ ဖြစ်လာတဲ့ စဝ်ကြာညွန့်က သီပေါစော်ဘွား ဖြစ်လာသူ စဝ်အုံကြာနဲ့ မောင်နှမအရင်း မဟုတ်ပါဘူး။ စဝ်ကြာညွန့်ရဲ့ မိခင်က အမှတ်စဉ်-၅ နန်းခမ်းအုံ ဖြစ်ပါတယ်။ နန်းခမ်းအုံက ဟော်ထဲမှာ သီလရှင်ဝတ်ပြီးနေတယ်တယ်။ ၁၉၁၄ မှာတော့ ဟော်ကထွက်ပြီး ကျိုင်းတုံမှာ သူ့သမီးဖြစ်သူ (စဝ်ကြာညွန့်) နဲ့သွားနေတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက ကိုအောင်ဟိန်း ရေးထားတဲ့ နန်းခမ်းအူ (ခ) စဝ်မြကွန်း ဆိုတာကို ကြည့်တဲ့အခါ ဆာစဝ်ချယ် ကြင်ယာစာရင်းမှာ စဝ်မြကွန်းဆိုတာ မတွေ့ပေမယ့် အမှတ်စဉ်-၁၇ မှာ နန်းမြကွန်း (ခ) နန်းမြ ဆိုတာ တွေ့ပါတယ်။ သူက မန္တလေးသူ ဗမာအမျိုးသမီးပါ။ မှတ်တမ်းပြုစုချိန်မှာ စော်ဘွားနဲ့ ကွာရှင်းထားတယ်လို့ ရေးထားတယ်။ နောက်တစ်ခုက ကိုအောင်ဟိန်း မိသားစုစာရင်းမှာပါတဲ့ နန်းခမ်းအူရဲ့ ညီမတစ်ဦးဖြစ်သူ စဝ်နထွန်း + ပါငြိမ်း ကနေ မွေးဖွားလာတဲ့ သားနှစ်ဦး နာမည်က ခွန်ထွန်းကြည်၊ ခွန်အောင်ပု လို့ဆိုတာကြောင့် တောင်ပိုင်အနွယ်တွေ ဖြစ်နိုင်တယ်လို့လည်း ထင်မိတယ်။

A flowchart in Myanmar language detailing historical genealogies and connections, featuring various branches and names highlighted in red, along with references to historical figures and texts.
ဦးမောင်မောင်မြင့်သိန်း တင်ပေးထားသော ရှမ်းရိုးမမှ ပြုစုထားသည့် သီပေါစော်ဘွား အနွယ်စဉ်ဆက်ပြဇယား

ရှမ်းရိုးမဝဘ်ဆိုက်က ပြုလုပ်ထားတဲ့ သီပေါစော်ဘွား အနွယ်စဉ်ဆက်ပြဇယားမှာ စဝ်အုံကြာက ဘယ်ကြင်ယာတော်က မွေးတယ်ဆိုတာ မပါဘူး။ အထက်က အင်္ဂလိပ် မှတ်တမ်းမှာတော့ နန်းခမ်းအူကနေ မွေးတယ်လို့ပါတယ်။ ကိုအောင်ဟိန်းရဲ့ မှတ်တမ်းမှာလည်း နန်းခမ်းအူက မွေးတယ်လို့ တွေ့ရတဲ့အတွက် ဒီနာမည်ကို အတည်ပြုနိုင်စရာ ရှိပေမယ့် တခြား အချက်အလက်တွေက လွဲနေသေးတယ်။ စဝ်အုံကြာနဲ့ စဝ်ကြာညွန့်က အဖေတူ အမေကွဲ မောင်နှမတွေ ဖြစ်တယ်။ နန်းခမ်းအူ (ခ) စဝ်မြကွန်းဆိုတာ မတွေ့ဖူးသေးဘူး။ အင်္ဂလိပ်မှတ်တမ်းထဲပါတဲ့ နန်းမြကွန်းက မန္တလေးသူ ဗမာ ဖြစ်တယ်။ အထောက်အထား မမှတ်ထားမိခဲ့တဲ့ ကျွန်တော့် စာရင်းထဲမှာတော့ စဝ်အုံကြာကို စဝ်ချယ်နဲ့ အမှတ်စဉ်-၈ ကျေးသီးမံစံစော်ဘွားကြီး စဝ်ခွန်ဆန်နဲ့ မိုင်းကိုင်စော်ဘွားသမီး စဝ်နန်းယဉ်တို့ရဲ့သမီးတော် စဝ်အုံ/စဝ်နန်းခမ်းအုံ ကနေ မွေးတယ်လို့ ရေးမှတ်ထားမိတယ်။ သီပေါစော်ဘွားကြီး စဝ်ချယ်ဟာ ကြင်ယာတော်တွေ အများအပြား ရှိခဲ့ပေမယ့် သားသမီး အရင်းအချာက သား-၁၊ သမီး-၃ သာ ရခဲ့တယ်။ စော်ဘွားဖြစ်လာသူ စဝ်အုံကြာရဲ့ မယ်တော် နန်းခမ်းအူဟာ အင်္ဂလိပ်မှတ်တမ်း နံပါတ်စဉ်ထိုးပြထားတဲ့ကြင်ယာ ၂၄ ပါး စာရင်းထဲလည်း မပါ၊ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပျောက်နေတာက စိတ်ဝင်စားစရာပါ။

မှတ်ချက်။ အမြဲမပြတ် ဖြည့်စွက် ပြင်ဆင်နေရသော စာအမျိုးအစား ဖြစ်သောကြောင့် နောင်တွင် အချက်အလက် မှားယွင်းချင်းမျိုး မဖြစ်စေရန် မိမိတို့ စာမျက်နှာများတွင် ကူးယူ၍ တဆင့်ပြန်တင်ချင်းမျိုး မပြုကြပါရန် မေတ္တာရပ်ခံပါသည်။

ရည်ညွှန်း
Shan States and Karenni: List of chiefs and leading families
Ko Aung Hain’s Post (1)
Ko Aung Hain’s Post (2)
Ko Aung Hain’s Photos (3)
ဖရီးမေဆင်အသင်းဝင် သီပေါစော်ဘွားကြီး စဝ်အုံကြာ


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply