
ငစည့်ကူးစားဟောင်း ငမောင်တို့နှင့် ငလှ၊ ငသာတို့သည် ပြည်ထဲရေးကို သာယာငြိမ်ဝပ်အောင် မကြံမစည် မကောင်းသော ကြံခြင်းဖြင့်သာ ကြံစည်ကြသောကြောင့် သင်းတို့ ဆိုးသွမ်းကြသည် လူတို့သာ ပျက်စီးခြင်းသို့ ရောက်ရသည်မဟုတ် သင်းတို့ကို အမှီပြု၍ စွဲလမ်းထမ်းရွက် ရိပွန်းနွမ်းနယ် ကြသောကြောင့် တိုင်းနိုင်ငံ တုန်လှုပ်ချောက်ခြားချင်း ရှိရသည်၊ ငါဘုန်းတော်နှင့် သိမ်းရုံးတော်မူလျှင် လက်ဝါးပြင်ထက် ပြတင်သကဲ့သို့ သိမြင်ရသည့်အတိုင်း ရန်ခြေရန်မြစ် ရှင်းလင်းလေပြီးသည်၊ သင်းတို့ လူဆိုးလူသွမ်း မစောင့်မရပ်သည် လူမှန်၍ ကွပ်မျက်ရာပါသည် လူတို့ ဥစ္စာပစ္စည်းတို့ကိုသာ ဆိုင်ရာ အမိန့်တော်ရင်းနှင့်အညီ စစ်ကြော၍ တိုက်တော်ကြတော်သွင်း၊ သင်းတို့နှင့် ပေါက်ဘော်စပ်သော်လည်း ငကျွန်တော် မျိုးချည်းပင် ဖြစ်သည်၊ အမျိုးပေါက်ဘော် တော်စပ်ရာ လိုက်လံစစ်ကြောကြလျှင် ပြည်ရွာငြိမ်ဝပ်ခဲတော့မည်၊ ရာဇဝတ်တော်ရေး မကင်းမလွတ် ကွပ်မျက်ရာပါသူတို့ ပစ္စည်းဥစ္စာကိုသာ စစ်ကြောဆက်သွင်းစေ၊ မိဘပေါက်ဘော် တော်စပ်သော်လည်း အတူနေ အတူစား ဥစ္စာမရှက်မတင်သမျှကို မစစ်မကြောစေနှင့်၊ ငြိမ်ဝပ်စေ၊ မစစ်မကြောတန် စစ်ကြောသူကိုလည်း နိုင်အောင်မြစ်၊ ငါအရှင် ဧကရာဇ်မင်းမြတ် တရားသဖြင့် ရွှေထီးရွှေနန်း သိမ်းမြန်းစိုးစံ (တော်မူသည်)၊ ငစည့်ကူးစားဟောင်းနှင့် ငမောင်တို့ လက်ထက်များက တယောက်ကိုတယောက် လုသည် ကြေသည် နှုတ်လွန် လက်လွန်များကို အညိုးထား၍ ထို့ပင့်လှုတ်ရှား လျှောက်ထား ပြောဆိုသည့် စကားများကို နာယူ၍ မစစ်မကြောကြစေနှင့်၊ ပယ်ရာပရာသော တရားနှင့်အညီ ငြိမ်ဝပ်အောင်စီရင်၊ အထက် လုယက် သိမ်းယူဘူးသည် ဥစ္စာအထည်အလိပ် မပျောက်မပျက် ပြသနိုင်၍ ထင်ရှားရှိသော်မူကား ရှိသည့်ဥစ္စာ မှန်သမျှကို ပြန်၍ ပေးအပ်စေ၊ အမှုအခင်း ဖြစ်သည့်အတွင်း လွတ်နိုးကင်းနိုး ထင်မှတ်၍ အပ်မိနှံမိသည့် ဥစ္စာများကိုလည်း ထိန်ကြံကဲ့ဝှက် လက်ခံသိမ်းထားသူ ဖြစ်သည်၊ ခွဲယူ၍ အမှုမပွါးမများ အကုန်အကျ မရှိစေနှင့်၊ အပ်နှံရင်း ဥစ္စာမှန်သည်ကိုသာ ပြန်အပ်စေ၍ ဆိုင်သင့်ရာဖြစ်စေ၊ ရွှေပြည်တော်မှစ၍ ပြည်ထဲ ၄ မျက်နှာ သါယါစေကြောင်းကို ကျေးဇူးသစ္စါတော် ဝမ်းတွင်ရှိကြသည့်အတိုင်း အမြဲနှလုံးသွင်း၍ ဖြောင့်ဖြောင့်ရိုးရိုး ငြိမ်ဝပ်အောင်စီရင်။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၁၁ရက်နေ့ နားခံစမြောင်မှူးပြန်။ (ဆင်တဲ ၄၁)
ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၁
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 221
Discover more from Burma Data
Subscribe to get the latest posts sent to your email.
